ဘုန်းမောက်နှင့် အဝေးကွင်းပွဲစဉ်ကို အားပေးလာမယ့် ပရိသတ်များအတွက် လမ်းခရီးအဆင်ပြေအောင် စီစဉ်ပေးလာတဲ့ ယူနိုက်တက်
ဖေဖော်ဝါရီ ၂၁
ယူနိုက်တက်ဟာ လာမယ့်လတွင် ဘုန်းမောက်အား အဝေးကွင်းသို့ သွားရောက်ကစားမယ့်ပွဲစဉ်အား လိုက်ပါ အားပေးမယ့် ယူနိုက်တက်ပရိသတ်များအတွက် အသွားအပြန် ဘတ်စ်ကား အခမဲ့ စီစဉ်ပေးလာပါတယ်။
အဆိုပါ ပရီးမီးယားလိဂ်ပွဲကို မတ်လ ၂၀ ရက်နေ့ သောကြာနေ့ညနေတွင် ကစားလာမှာ ဖြစ်ပြီး အဝေးကွင်းအထိ လိုက်ပါအားပေးမယ့် ပရိသတ်များအတွက် အခက်တွေ့နေပါတယ်။
ခရီးသွားလာစရိတ်မှာ ကြားရက်များတွင် များပြားနေသလို ပွဲအပြီးတွင် အိမ်ပြန်မယ့် ပရိသတ်များအတွက် အပြန်ခရီးအတွက် ရွေးချယ်စရာ မရှိပါဘူး။
ဘုန်းမောက်မှ မန်ချက်စတာပစ်ကာဒေလီသို့ ပြန်မယ့် နောက်ဆုံးရထားမှာ ပွဲမစတင်မီ ညနေ ၇ နာရီ၊ ၄၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ရာ ယူနိုက်တက်ပရိသတ်များအနေဖြင့် နောက်နေ့ နံနက် ၆ နာရီအထိ မီးရထားစောင့်ဆိုင်းရပါမယ်။
တဖက်တွင် ဘုန်းမောက်မှာ ယူနိုက်တက်ရဲ့ ယခုရာသီ အဝေးကွာဆုံး အဝေးကွင်းပွဲစဉ်ဖြစ်ပြီး မိုင် ၄၅၂ မိုင်အထိ ခရီးနှင်ရပါမယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ ပရိသတ်များအတွက် ခရီးစဉ် အသွားအလာ အဆင်ပြေစေရေးအတွက် အသွားအပြန်ဘတ်စ်ကားအား အခမဲ့ စီစဉ်မှု ပြုလုပ်ပေးလာတာလည်း ဖြစ်ပါတယ်။
ယခုအခါ ယူနိုက်တက်ပရိသတ်များဟာ ကလပ်ဘက်က အခမဲ့ စီစဉ်ပေးလာမှုနှင့်အတူ ၁၁ နာရီဘတ်စ်ကားခရီးဖြင့် အဆင်ပြေစွာ ကြည့်ရှုလာနိုင်ပါတော့မယ်။
ယူနိုက်တက်ဟာ ဘုန်းမောက်ပွဲစဉ်အတွက် လက်မှတ်ခွဲတမ်း ၁၂၉၉ ရရှိထားပါတယ်။
ဘုန်းမောက်ရဲ့ Vitality Stadium မှာ ပရိသတ် ၁၁၃၀၇ ဦးသာ ဆန့်ပြီး ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးကွင်း ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် မန်ချက်စတာမှ ဘုန်းမောက်သို့ ဘတ်စ်ကားခမှာ ပေါင် ၅၀ ဝန်းကျင်ကျသင့်ပြီး မီးရထားဖြင့် သွားပါက ပိုမိုကုန်ကျပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဘုန်းမောက်အား ၂၀၂၃ ခုနှစ် မေလနောက်ပိုင်းတွင် အဝေးကွင်းတွင် အနိုင်ရဖူးခြင်း မရှိပါဘူး။