ဗီနီရှပ်စ်အား လူမျိုးခွဲခြားမှု ပြုလုပ်တယ်လို့ စွပ်စွဲခံနေရတဲ့ ဘင်ဖီကာစတားပရက်စ်တီယန်နီကို ပေါ်တူဂီအာဏာပိုင်များ စုံစမ်းစစ်ဆေးလာ
ဖေဖော်ဝါရီ ၂၀
ပေါ်တူဂီအစိုးရဟာ ဗီနီရှပ်စ်ဂျူနီယာကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ ဘင်ဖီကာတောင်ပံကစားသမားဂျီယန်လူကာပရက်စ်တီယန်နီအား စုံစမ်းစစ်ဆေးမှု ပြုလုပ်လာပါတယ်။
အသက် ၂၀ နှစ်ရှိ အာဂျင်တီးနားညာတောင်ပံကစားသမားဟာ ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်အတွင်းတွင် ဗီနီရှပ်စ်ဂျူနီယာအား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တုန်းက လစ္စဘွန်းတွင် ကစားတဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်တွင် ဗီနီရှပ်စ်က လူမျိုးရေးခွဲခြားမှု ခံခဲ့ရကြောင်း ဒိုင်လူကြီးကို အသိပေးပြီးနောက် ပွဲကို ၁၀ မိနစ်ခန့် ရပ်ဆိုင်းခဲ့ရပါတယ်။
ပရက်စ်တီယန်နီဘက်က လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပေမယ့်လည်း ယူအီးအက်ဖ်အေဘက်က အမှုအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသလို ရီးရဲလ်မက်ဒရစ်ကလည်း သက်သေအထောက်အထားများ ပေးပို့ထားပါတယ်။
ယခုအခါ ပေါ်တူဂီအာဏာပိုင်အဖွဲ့ Authority for the Prevention and Fight against Violence in Sport (APCVD) ကလည်း လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် ဗီနီရှပ်စ်အား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပရက်စ်တီယန်နီရဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးလာပါတယ်။