မြဝတီမှာ ငွေကျပ်သိန်း ၉,၂၈၉.၇ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တရားခံ (၁၀)ဦးနဲ့အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ငွေကျပ်သိန်း ၉,၂၈၉.၇ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တရားခံ (၁၀)ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ (၅)နာရီအချိန်က မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာ(၄)လမ်းနေ အောင်လွင်(ခ)မောင်ထင်း ငှားရမ်းနေထိုင်သည့် နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မရီရွှင်ကြည်း၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ၊ လောက်ချိန်နှင့် အားစောတို့အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၁၂.၁၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၄၂၅၂.၅ သိန်း)၊ အက်တက်စီဆေးပြား ၂,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၀၀)၊ Happy Water အလေးချိန် ၄၇၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၈၀)၊ အရောင်မှုန့် အလေးချိန် ၃ ကီလို (ဒေသကာလ တန်ဖိုးငွေကျပ် ၁.၅ သိန်း)၊ ကက်တမင်းအရည် ၁.၁၉ လီတာ (ဒေသကာလတန်ဖိုးငွေကျပ် ၂၃.၈ သိန်း)၊ ဘိန်းစာရွက်ပြုတ်ရည် ၆ လီတာ (ဒေသကာလတန်ဖိုးငွေကျပ် ၁.၂ သိန်း)၊ Ethy Alchol ၇ လီတာ (ဒေသကာလတန်ဖိုး ငွေကျပ် ၇၀,၀၀၀)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၁,၇၄၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ည (၈)နာရီခွဲအချိန်မှာ အောင်နိုင်(ခ)အားကျီ၊ မင်းသက်နိုင်(ခ)အားချိန်၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု၊ အောင်မင်းသူ(ခ)ကျူးယုံအန်း နှင့် နေမင်းထွေး(ခ)အားကျယ် တို့ငှားရမ်းနေထိုင်သည့် အဆိုပါရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဘိန်းဆီခဲ အလေးချိန် ၅.၈ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၅၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)၊ အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၂၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား(ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့ကြောင့် အောင်လွင်(ခ)မောင်ထင်း (၂၅)နှစ်၊ မရီရွှင်ကြည်း (၂၀)နှစ်၊ ရဲဝင်းနိုင်(ခ)ရန်ကျုံးခံ (၂၀)နှစ်၊ လောက်ချိန် (၃၉)နှစ်၊ အားစော (၃၃)နှစ်၊ အောင်နိုင်(ခ)အားကျီ (၂၆)နှစ်၊ မင်းသက်နိုင်(ခ)အားချိန် (၂၄)နှစ်၊ အောင်ကျော်နိုင်(ခ) ယောင်ချုံယု (၃၃)နှစ်၊ အောင်မင်းသူ(ခ)ကျူးယုံအန်း (၂၄)နှစ်နှင့် နေမင်းထွေး(ခ)အားကျယ် (၂၆)နှစ်တို့အား မြဝတီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

Photo- CCDAC Myanmar

imageimage