လူမျိုးရေးခွဲခြားခံရတယ်လို့ ဆိုခဲ့တဲ့ ဗီနီရှပ်စ်ကို မော်ရင်ဟို ဝေဖန်ပြောဆိုလာ
ဖေဖော်ဝါရီ ၂၀
ဟိုဆေးမော်ရင်ဟိုက ဘင်ဖီကာနှင့် ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်တွင် လူမျိုးရေးခွဲခြားခံခဲ့ရတယ်လို့ စွပ်စွဲခဲ့တဲ့ ဗီနီရှပ်စ်အား ဝေဖန်ပြောဆိုမှု ပြုလုပ်လာပါတယ်။
ပေါ်တူဂီတွင် ကစားတဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်တွင် ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် အံ့ဩစရာကောင်းတဲ့ အနိုင်ဂိုးသွင်းယူပြီးနောက် လူမျိုးရေးခွဲခြားဆက်ဆံခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဘရာဇီးစူပါစတားဟာ ဂိုးသွင်းအောင်ပွဲခံမှုအတွက် နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ကာ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ယင်းနောက် ဗီနီရှပ်စ်ဟာ ဘင်ဖီကာတောင်ပံကစားသမားဂျီယန်လူကာပရက်တီယန်နီနှင့် အချင်းများခဲ့ပါတယ်။ သူဟာ ဗီနီရှပ်စ်နှင့် စကားပြောနေစဉ် အင်္ကျီကို ပါးစပ်ထဲ ထည့်ထားတာ တွေ့ရပါတယ်။
ယင်းနောက် ဗီနီရှပ်စ်ဟာ ဒိုင်လူကြီးထံသို့ သွားရောက်ပြီး လူမျိုးရေးခွဲခြားဆက်ဆံခြင်းခံရကြောင်း တိုင်ကြားခဲ့ပါတယ်။
ဗီနီရှပ်စ်နှင့် ရီးရဲလ်မက်ဒရစ်ကစားသမားများဟာ ပွဲဆက်ကစားရန် ငြင်းဆိုပြီး ကွင်းအတွင်းမှ ထွက်ခွာသွားမှုနှင့်အတူ ပွဲကို ၁၀ မိနစ်ခန့်ရပ်ဆိုင်းခဲ့ရပါတယ်။
ယင်းနောက် ပွဲပြန်ဆက်ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ယင်းပွဲရဲ့ ပွဲနှောင်းပိုင်းတွင် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတဲ့ မော်ရင်ဟိုက ပရက်တီယန်နီက ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားပြောဆိုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြောင်း ငြင်းဆိုလာပါတယ်။
မော်ရင်ဟိုက "ပွဲရဲ့ ရူးချင်စရာအချိန်ပါ။ အံ့ဩစရာကောင်းတဲ့ဂိုးပါ။ ဒီပါရမီတွေနဲ့ လှပတဲ့အရာတွေ လုပ်နိုင်တယ်။ ဒါပေမယ့် အရမ်းကောင်းတဲ့ဂိုးသွင်းနိုင်လို့ ပျော်ရုံတင်မကပါဘူး။ ဒီလိုဂိုးတစ်ဂိုး သွင်းနိုင်တဲ့အချိန်မှာ ပြိုင်ဘက်ကို တလေးတစားနဲ့ အောင်ပွဲခံရမယ်။ သူက ပရိသတ်ကို ရည်ရွယ်တာ။ ဂျီယန်လူကာပရက်တီနီနှင့် ဗီနီရှပ်စ်အကြား အပြန်အလှန်ပြောဆိုကြတယ်။ ကျုပ်က ဘက်မလိုက်ပဲ ပြောလိုတယ်။ ကွဲပြားတဲ့အရာနှစ်ခု တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး မပြောလိုဘူး။ ဒါပေမယ့် ဗီနီရှပ်စ်ကို ပြောပြခဲ့တာကိုတော့ ပြောလိုတယ်။ 'မင်း ဒီလိုဂိုးတစ်ဂိုး သွင်းပြီးချိန်မှာ အောင်ပွဲခံပြီး ပြန်လာရုံပဲ'လို့ ပြောခဲ့တယ်။ သူက လူမျိုးရေးခွဲခြားခံရတယ်လို့ စွပ်စွဲလာတော့ ကျုပ်ကလည်း သူ့ကို ဒီကလပ်သမိုင်းမှာ အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အူစီဘီယိုကလည်း လူမည်းပဲလို့ ပြောခဲ့တယ်။ နောက်ဆုံး ဒီကလပ်လည်း ခွဲခြားဆက်ဆံခံရတာပါပဲ။ သူ့စိတ်ထဲမှာ ဘင်ဖီကာနဲ့ပတ်သက်ပြီး တခုခု ရှိနေတယ်။ သူတို့(ဗီနီရှပ်စ်နဲ့ ပရက်တီနီ) ပြောတာက ကွဲနေတယ်။ ဘယ်သူပြောတာကိုမှ မယုံပါဘူး။ လွတ်လွတ်လပ်လပ် တွေးချင်တယ်။ ဗီနီရှပ်စ်ကစားတဲ့ ကွင်းတိုင်းမှာ တခုခုအမှားတော့ ဖြစ်နေတတ်တယ်။ တခုမဟုတ် တခု ဖြစ်တာပဲ"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် ဗီနီရှပ်စ်အား ဝေဖန်ပြောဆိုခဲ့တဲ့ မော်ရင်ဟိုကို ဘောလုံးဝေဖန်ရေးသမားဝိန်းရွန်းနီက အပြင်းအထန်ဝေဖန်မှု ပြုလုပ်ထားပါတယ်။
ရွန်းနီက "ဗီနီရှပ်စ်နဲ့ ပတ်သက်ပြီး သူ ပြောသွားတာ မမျှတဘူး"လို့ ဆိုသွားပါတယ်။
မော်ရင်ဟိုဟာ ပထမအကျော့အနီကတ်ကြောင့် ဘာနေဗျူးကွင်းတွင် ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်အား ကြီးကြပ်ခွင့် ရလာတော့မှာ မဟုတ်ပါဘူး။
တဖက်တွင် ပရက်တီနီက ၎င်းမှာ လူမျိုးရေးခွဲခြားသူ မဟုတ်ကြောင်းနှင့် ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားဆက်ဆံရန် အချိန်မရှိကြောင်း၊ ဗီနီရှပ်စ်မှာ နားကြားမှားခြင်းသာ ဖြစ်နိုင်ကြောင်း ဆိုသွားပါတယ်။