မတ်လလကုန်ပိုင်းတွင် အီဆက်ခ် ပြန်ကစားလာနိုင်ဖွယ်ရှိနေ

ဖေဖော်ဝါရီ ၂၀

လီဗာပူးနည်းပြအန်းဆလော့က တိုက်စစ်မှူးအလက်ဇန္ဒားအီဆက်ခ်မှာ မတ်လနှောင်းပိုင်းတွင် လီဗာပူးအတွက် ပြန်လည်ကစားလာနိုင်ဖို့ ရှိနေကြောင်း ပြောကြားလာပါတယ်။

အီဆက်ခ်ဟာ ဒီဇင်ဘာလကတည်းက ခြေကျင်းဝတ်ဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် အနားယူလာခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် နယူးကာဆယ်မှ လီဗာပူးသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းပြောင်းလာခဲ့ပေမယ့်လည်း နွေရာသီ ရာသီကြိုလေ့ကျင့်ခန်းမဆင်းမှုနှင့်အတူ ပွဲကစားရေး စောင့်ဆိုင်းခဲ့ရကာ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၁၆ ပွဲတည်းသာ ကစားထားရပါသေးတယ်။

ဆလော့က "အဲလက်စ် ကွင်းထဲ ရောက်နေပါပြီ။ ဘောလုံးဖိနပ်တော့ မစီးနိုင်သေးဘူး။ ဒါပေမယ့် ဒီအပတ်မှာ အပြေးဖိနပ်စစီးနိုင်ပြီ။ အခြားကစားသမားတိုင်းလိုပဲ လာမယ့်အပတ်မှာ ဘောလုံးနဲ့ စအလုပ်လုပ်မယ်။ ပြီးရင် နောက်တစ်ဆင့် အုပ်စုနဲ့အတူ လေ့ကျင့်မယ်။ ပြီးတော့ အသင့်ဖြစ်ဖို့ ခဏလေ့ကျင့်မယ်။ မတ်လနှောင်းပိုင်း သို့မဟုတ် ဧပြီလအစောပိုင်းဆိုရင် အုပ်စုနဲ့အတူ ပြန်ကစားနိုင်ဖို့‌ မျှော်လင့်ရတယ်။ ပွဲထွက်ကစားဖို့ အဆင့်သင်ဖြစ်ပြီလို့ ပြောလိုတာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် လီဗာပူးနည်းပြအန်းဆလော့က ညာနောက်ခံလူဂျီရီမီဖရမ်းပေါင်မှာ လာမယ့်အပတ် အန်ဖီးလ်တွင် ဝက်စ်ဟမ်းအား ဧည့်ခံကစားရမယ့်ပွဲစဉ်တွင် ပြန်လည်ကစားလာနိုင်ဖို့ ရှိနေကြောင်း အတည်ပြုသွားပါတယ်။

image