၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ဘရာဇီးနှင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း အန်ဆယ်လော့တီ အတည်ပြုလာ
ဖေဖော်ဝါရီ ၂၀
ကာလိုအန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဘရာဇီးနှင့်စာချုပ်သစ်ချုပ်ဆိုရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။
အီတလီလူမျိုးဂန္ထဝင်နည်းပြရဲ့ လက်ရှိ ဘရာဇီးနှင့် စာချုပ်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ကုန်ဆုံးလာမှာ ဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သစ်ချုပ်ဆိုရန် ရည်ရွယ်ထားတာပါ။
အသက် ၆၆ နှစ်ရှိ အန်ဆယ်လော့တီဟာ ၂၀၂၅ ခုနှစ် မေလတွင် ရီးရဲလ်မက်ဒရစ်အား ဒုတိယအကြိမ်မြောက် ကိုင်တွယ်ကာ ထွက်ခွာလာပြီးနောက် နည်းပြဘဝ ပထမဆုံးလက်ရွေးစင်အသင်းအဖြစ် ဘရာဇီးအား ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ဘရာဇီးဟာ လက်ရှိ ကမ္ဘာ့အဆင့်တွင် ယူရိုချန်ပီယံ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်တို့အောက် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီဟာ လာမယ့် ကမ္ဘာ့ဖလား ၂ ကြိမ်တွင် ၂၄ နှစ်ကြာ စောင့်ဆိုင်းလာတဲ့ ကမ္ဘာ့ဖလားအား ဆွတ်ခူးနိုင်ရေး ကြိုးပမ်းလိုနေပါတယ်။
အန်ဆယ်လော့တီက "ဘရာဇီးနဲ့ လေးနှစ်စာချုပ်သစ်ချုပ်ဆိုလာမယ်လို့ ယုံကြည်တယ်။ ဒါက အလုပ်သစ်ပါ။ ကျုပ် အရမ်းသဘောကျတယ်"လို့ ပြောကြားသွားပါတယ်။
တကယ်လို့များ အန်ဆယ်လော့တီသာ ဘရာဇီးနှင့် လေးနှစ်စာချုပ်သစ်ချုပ်ဆိုလာပါက ၎င်းအား ခန့်အပ်ရန် စိတ်ဝင်စားနေတဲ့ ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာပါမယ်။