​နယူးယောက်တွင် ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွား၊ အဆောက်အအုံတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး လူ ငါးဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၃

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်မြောက်ပိုင်းရှိ ဘုရားကျောင်းတစ်ခုတွင် အင်္ဂါနေ့နံနက်ပိုင်းက ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နယူးယောက်ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

​အိုနိုင်ဒါခရိုင် (Oneida County)၊ ဘွန်းဗေးလ် (Boonville) မြို့ရှိ Abundant Life Fellowship ဘုရားကျောင်းအတွင်း ဂက်စ် (ဓာတ်ငွေ့) နံ့များ ရရှိနေကြောင်း သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က စစ်ဆေးရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များက ဂက်စ်ငွေ့နံ့ထွက်ရှိရာနေရာကို ရှာဖွေနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုသို့​ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် မီးသတ်သမားတစ်ဦးသည် ဘုရားကျောင်းအတွင်း ရောက်ရှိနေချိန်ဖြစ်သဖြင့် ၎င်းမီးသတ်သမားနှင့် အခြား အရပ်သားတစ်ဦးတို့မှာ စိုးရိမ်ရသည့် အခြေအနေ (Critical condition) ဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်အတွင်း စိုးရိမ်ဒဏ်ရာရသူနှစ်ဦးနှင့် အခြားဒဏ်ရာရသူ သုံးဦး စုစုပေါင်း ငါးဦးကို ဒေသတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေလျက်ရှိသည်။

​သတင်းရင်းမြစ်များအရ ပေါက်ကွဲမှုမဖြစ်မီ ဘုရားကျောင်းအတွင်း ဂတ်စ်နံ့ ရရှိခဲ့ကြောင်း အတည်ပြုထားသည့်အတွက် ယခုဖြစ်စဉ်သည် စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက် သို့မဟုတ် သဘာဝဓာတ်ငွေ့ယိုစိမ့်မှု (Gas Leak) ကြောင့် ဖြစ်နိုင်ခြေအများဆုံး ရှိနေသည်။ ပေါက်ကွဲမှုသည် အလွန်ပြင်းထန်သဖြင့် ဘုရားကျောင်းအဆောက်အအုံ တစ်ခုလုံးနီးပါး ဆိုးရွားစွာ ပျက်စီးသွားကြောင်း ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများအရ တွေ့ရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ သတင်းများအရ အဆိုပါဒေသတွင် ရဲတပ်ဖွဲ့က ဘေးကင်းလုံခြုံရေးအတွက် ပတ်ဝန်းကျင်ရှိ လမ်းများကို ပိတ်ထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ စစ်ဆေးချက်များအရ ယခုပေါက်ကွဲမှုသည် ရာဇဝတ်မှုကျူးလွန်ခြင်း (သို့မဟုတ်) တမင်တကာ လုပ်ဆောင်ခြင်းမျိုး မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ရာဇဝတ်မှုနှင့် ပတ်သက်ခြင်းမရှိကြောင်း ကနဦးထုတ်ပြန်ထားခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုကို အတန်ငယ် လျော့ပါးစေခဲ့သည်။

Ref: Xinhua

image
image
image