တရုတ်နှင့် အိန္ဒိယကြား နယ်စပ်ဒေသပိုင်ဆိုင်မှု အငြင်းပွား

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈

အိန္ဒိယနှင့် ပါကစ္စတန်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကက်ရှ်မီးယား (Kashmir) ဒေသ၏ အစွန်းပိုင်း ကာရာကိုရမ် (Karakoram) တောင်တန်း၏ မြောက်ဘက်ရှိ လူသူ အရောက်အပေါက် နည်းသည့် တောင်ကြား ဒေသတစ်ခုတွင် တရုတ်၏ လမ်းဖောက်လုပ်ရေး စီမံကိန်းကို အိန္ဒိယအစိုးရက သံတမန်ရေးအရ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ဇန်နဝါရီလအတွင်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနယ်မြေ အစိတ်အပိုင်းသည် အိန္ဒိယ၏ပိုင်နက် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ မြေပြင် အခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းမှုများအတွက် တရုတ်အား ကန့်ကွက် ကြောင်း ပြောကြားခဲ့သည်။

တရတ်အစိုးရကလည်း ထိုဒေသသည် တရုတ်နိုင်ငံပိုင်ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပြီး မိမိတို့၏ ပိုင်နက် နယ်မြေပေါ်တွင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ခြင်းသည် အလုံးစုံ တရားမျှတမှုရှိကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ အပြန်အလှန် ငြင်းခုံမှုများသည် တရုတ်-အိန္ဒိယ နယ်စပ်အငြင်းပွားမှု၏ သမိုင်းကြောင်းတွင် ကြာမြင့် စွာ တည်ရှိခဲ့သည့် ကာရာကိုရမ်ဒေသအပေါ် လူအများက အာရုံစိုက်လာကြသည်။

ထို့ပြင် ဟိမဝန္တာတောင်တန်း အိမ်နီးချင်း နှစ်နိုင်ငံကြား နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများ၏ ရှုပ်ထွေး နက်နဲမှုကိုလည်း ထပ်မံ မီးမောင်းထိုး ဖော်ပြရာ ရောက်ခဲ့သည်။

ထိုကဲ့သို့ အပြန်အလှန် အငြင်းပွားမှုများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကိုလိုနီအင်ပါယာများ၏ အကြွင်း အကျန်များနှင့် ၎င်းတို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုများသည် အင်အားကြီးနိုင်ငံများ အချင်းချင်း ယှဉ်ပြိုင်မှု ပိုမို ပြင်းထန်စေကြောင်း ပြသရာ ရောက်ခဲ့သည်။

ကိုလိုနီခေတ်က ဗြိတိသျှတို့ သတ်မှတ်ခဲ့သော ကာရာကိုရမ် နယ်နိမိတ်ကို အိန္ဒိယက တရားဝင် လက်ခံသော် လည်း တရုတ်ကမူ ထိုနယ်မြေ သတ်မှတ်မှုသည် မတရားသည့် ကိုလိုနီ အမွေအနှစ် ဖြစ်သည်ဟုဆိုကာ ယနေ့ အထိ အသိအမှတ်မပြုဘဲ ငြင်းပယ်ထားသည်။

ထို့ပြင် တရုတ်နှင့် အိန္ဒိယကြား ကီလိုမီတာ ၃၀၀၀ ကျော် ရှည်လျားသော နယ်စပ်မျဉ်းသည် တိကျသော မြေပုံ အညွှန်းကိန်းများ မရှိဘဲ လက်ရှိ ထိန်းချုပ်ထားသော နယ်နိမိတ်များအဖြစ်သာ ရှိနေသဖြင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံစလုံးက ဝေးလံခေါင်သီသော နယ်စပ်တောင်တန်း များတွင် လေယာဉ်ကွင်းများ လမ်းများနှင့် တံတားများကို အပြိုင်အဆိုင် တည်ဆောက်လာခြင်းကြောင့် တစ်ဖက် နှင့်တစ်ဖက် စစ်ရေးအရ ခြိမ်းခြောက်မှုဟု ယူဆကာ တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံနယ်စပ်ရှိ ဂေါဝန်တောင်ကြား (Galwan Valley) တွင် နှစ်နိုင်ငံစစ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံကြား ယုံကြည်မှုလုံးဝ ပျက်ပြားသွားခဲ့ကာ ထိပ်သီးအဆင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေး မှုများ ပြုလုပ်ခဲ့သော်လည်း အပြီးသတ် သဘောတူညီမှု မရရှိသေးပေ။

Source: South China Morning Post

ပုံ - အိန္ဒိယနဲ့တရုတ် အငြင်းပွားနေတဲ့ နယ်မြေကိုတွေ့ရစဉ်

image