ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ငါးဘီလီယံ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ကတိပြု
ဂါဇာ ကမ်းမြောင်ဒေသပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ငြိမ်းချမ်းရေး ဘုတ် အဖွဲ့ဝင် နိုင်ငံများက ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ငါး ဘီလီယံကျော်ထည့်ဝင်ပေးရန် ကတိပြုထားကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။
ယင်းအပြင် ကုလသမဂ္ဂ၏ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းမည့် ဂါဇာကမ်းမြောင်တည်ငြိမ်ရေး နိုင်ငံ တကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့အတွက်တပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန်လည်း
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နိုင်ငံများက ကတိပြုထားကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့တွင်အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၂၀ ကျော်တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက်ရှိသည်။
အမေရိကန် အစိုးရသည် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့၏ ပထမဆုံးအစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁၉ရက်တွင် ဝါရှင်တန်မြို့တော်၌ကျင်းပရန် စီစဉ်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဖွဲ့စည်းမှုကို ယခုနှစ် ဇန်နဝါရီလ အတွင်း ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့၌ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တရားဝင် ကြေညာခဲ့သည်။
မူလက ဂါဇာကမ်းမြောင်ဒေသပြန်လည်တည်ဆောက်ရေးအတွက်ရည်ရွယ်ဖွဲ့စည်းခဲ့သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့အနေဖြင့် နောက်ပိုင်းတွင်နိုင်ငံတကာ ပြဿနာများကိုလည်းကြားဝင် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့် ကပြောကြားထားသည်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့သည်ဂါဇာကမ်းမြောင်ဒေသ အသွင်ကူးပြောင်းရေးကာလ စီမံအုပ်ချုပ်ရေးကိုတာဝန်ယူရမည်ဖြစ်သည်။