အရှည်(၂,၆၂၈)ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းတံတား(ထမံသီ)ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးတွင်တည်ဆောက်ထားသည့် အရှည် (၂,၆၂၈) ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းတံတား(ထမံသီ) ကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နံနက်ပိုင်းက နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ ချင်းတွင်းတံတား(ထမံသီ) ၏ ကမ္ပည်းမော်ကွန်းအားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးသန့်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ချင်းတွင်းတံတား (ထမံသီ)ပေါ်ဖြတ်သန်းကြည့်ရှုကာ ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လူမှုစီးပွားအခြေအ နေများအား မေးမြန်းခဲ့သည်။
ချင်းတွင်းတံတား(ထမံသီ)သည် တံတားအရှည် (၂,၆၂၈)ပေရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ရေလမ်းကင်းလွတ်အမြင့်(၄၀)ပေရှိ၍ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတို့တွင်နေထိုင်သူများ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာပို့ ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို များစွာအထောက်အကူဖြစ်လာစေမည်ဖြစ်သည်။