အလုပ်လုပ်ခွင့် ပါမစ်ရရှိအောင် စောင့်ဆိုင်းနေစဉ်အတွင်း ဖီယင်နုနှင့်အတူ စတာလင်း လေ့ကျင့်ခန်းဆင်းနိုင်အောင် ဥပဒေကို လက်တလုံးခြား လုပ်ဆောင်လာတဲ့ ဗန်ပါစီ
=====================

ဖီယင်နုနည်းပြရော်ဘင်ဗန်ပါစီဟာ ရာဟမ်းစတာလင်း ကစားဖော်သစ်များနှင့် လေ့ကျင့်ခန်းအတူဆင်းနိုင်အောင်ရေးအတွက် ဘယ်လ်ဂျီယံတွင် အရေးပေါ်လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်ရန် စီစဉ်လာပါတယ်။
ချဲလ်ဆီးတွင် တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိခဲ့တဲ့ စတာလင်းဟာ ဖီယင်နုသို့ ရာသီအကုန်အထိ စာချုပ်ဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ အလုပ်လုပ်ခွင့် ပါမစ် စောင့်ဆိုင်းနေစဉ်အတွင်း ကလပ်သစ်တွင် ကစားဖော်သစ်များနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိပါဘူး။
ဒါကြောင့်လည်း ဖီယင်နုနည်းပြဗန်ပါစီဟာ ရာဟမ်းစတာလင်း လေ့ကျင့်ခန်းဆင်းနိုင်စေရေးအတွက် ဘယ်လ်ဂျီယံတွင် လေ့ကျင့်ခန်းဆင်းရေး အရေးပေါ် စီစဉ်လာကာ ဥပဒေကို လက်တစ်လုံးခြားရှောင်ရှား လုပ်ဆောင်လာပါတယ်။
ဗန်ပါစီက "နိုင်ငံခြားမှာ ခွင့်ပြုတယ်။ သူ့အတွက် ကျွန်တော်တို့ လုပ်ဆောင်လာတာပါ။ ပြီးတော့ ကျွန်တော့်ကိုယ်တိုင်ကလည်း အသင်းကို ပိုကောင်းလာစေချင်တယ်။ ကျွန်တော်တို့ စကားကောင်းကောင်းပြောတာတွေ၊ အတူတူ ပျော်လို့ရတာတွေ လုပ်လာနိုင်ပါမယ်။ မနက်ဖြန် (အင်္ဂါနေ့)မှာ လေ့ကျင့်ခန်းဆင်းပါမယ်။ သူ ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှုရရေး တစ်ပတ်ချင်း စောင့်ကြည့်သွားမယ်။ အချိန်တချို့တော့ ယူရမယ်။ သူက ခြောက်လလောက် ပွဲမကစားရတော့ ဒါက လုပ်သင့်တဲ့အရာလို့ မြင်တယ်"လို့ ပြောကြားသွားပါတယ်။
စတာလင်းဟာ နည်းပြဟောင်းအန်ဇိုမာရက်စ်ကာရဲ့ စီမံကိန်းတွင် မပါဝင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မေလကတည်းက ချဲလ်ဆီးအတွက် ပွဲမကစားခဲ့ရတာ ဖြစ်ပြီး နည်းပြသစ်လီယမ်ရိုဆင်နီယာလက်အောက်တွင်လည်း ကစားခွင့်မရခဲ့ပါဘူး။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်သို့ အငှားဖြင့် သွားကစားခဲ့ရကာ ၂၀၂၅ ခုနှစ် မေလကတည်းက ပွဲမကစားလာခဲ့ရသလို ယခုရာသီတွင် တစ်မိနစ်မျှ မကစားရသေးပါဘူး။
အင်္ဂလန်အတွက် ၈၂ ပွဲကစားထားတဲ့ စတာလင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ဥရောပတလွှားကလပ် ၁၈ ခုရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် ဗန်ပါစီနှင့် ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ဖီယင်နုသို့ ပြောင်းခဲ့တာပါ။

image