နည်းပြရောဘတ်တိုဒီဇာဘီနုတ်ထွက်ပြီး ရက်အနည်းငယ်အကြာတွင် ဘောလုံးဒါရိုက်တာ ထပ်မံနုတ်ထွက်လာမှုနှင့်အတူ ပြဿနာပိုကြီးလာတဲ့ မာဆေး
===================
မာဆေးဟာ မက်ဒီဘာနာဒီယာက ဘောလုံးဒါရိုက်တာရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလာမှုနှင့်အတူ အသင်းအတွင်း ပြဿနာပိုမိုကြီးထွားစွာ ကြုံတွေ့လာရပြီ ဖြစ်ပါတယ်။
ဘာနာဒီယာဟာ ခက်ခဲကြမ်းတမ်းတဲ့ ကာလကြုံတွေ့နေရစဉ်အတွင်း နည်းပြရာထူးမှ ရောဘတ်တိုဒီဇာဘီ နုတ်ထွက်သွားပြီး ငါးရက်ကြာတွင် နုတ်ထွက်လာတာလည်း ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ချန်ပီယံလိဂ်လိဂ်အဆင့်မှ ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီအား ၅-၀ ဂိုးဖြင့် လီဂူး ၁ တွင် ထပ်မံ ရှုံးနိမ့်ပြီးနောက် မာဆေးနည်းပြရာထူးမှ နုတ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇာဘီ အလွန်တွင် ကစားတဲ့ ပထမဆုံးပွဲတွင် မာဆေးဟာ စနေနေ့တုန်းက စထရာဘော့နှင့်ပွဲတွင် ၉၇ မိနစ်တွင် ပေးရတဲ့ ချေပဂိုးကြောင့် ၂ ဂိုးစီသရေကျခဲ့ပြန်ပါတယ်။
ယခု ယင်းပွဲအပြီးတွင် ဘာနာတီယာကလည်း အသင်းတွင်း ပြဿနာများ ကြုံတွေ့နေရမှုနှင့်အတူ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ဘာနာတီယာက "ပရော်ဖက်ရှင်နယ်အဆင့်မှာ အကောင်းဆုံးလုပ်ဆောင်ပြီးပြီလို့ ခံစားချက်နဲ့အတူ ထွက်ခွာလိုက်တာပါ။ ကလပ်ရဲ့ ပတ်ဝန်းကျင်ကို ငြိမ်သက်အောင် မလုပ်နိုင်ခဲ့လို့တော့ နောင်တရပါတယ်။ နောက်ပိုင်း နောက်ပြန်ဆုတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အားကစားအခြေအနေတွေနဲ့ ကြုံခဲ့ရပေမယ့် ဒီစီမံကိန်းက ရှေ့ဆက်နေမှာပါ။ ဒါပေမယ့် လက်ရှိ အခြေအနေကို လျစ်လျူရှုလို့ မရပါဘူး။ မကျေနပ်မှု တိုးပွားနေတယ်လို့ ခံစားရတယ်။ ကွဲလွဲမှုတွေအတွက် အရမ်းလည်း နောင်တရမိတယ်။ မာဆေးမှာက ရလဒ်ကသာ အဓိက အဖြေဖြစ်ပါတယ်"လို့ ကြေညာသွားပါတယ်။
မာဆေးဟာ ယာယီနည်းပြအဖြစ် ဂျက်ကေးအဘာဒိုနာဒိုအား ခန့်အပ်ထားပြီး လီဂူး ၁ အဆင့် ၄ နေရာတွင် ရပ်တည်နေပါတယ်။
စထရာဘော့နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ အဖွင့်ပွဲချိန် ၁၅ မိနစ်တွင် မာဆေးပရိသတ်တို့ ဆန္ဒပြခဲ့ကြသလို ပွဲချိန်အတွင်းတွင်လည်း ဝီစီမှုတ်ခဲ့ကြပါတယ်။