ဆာလာက အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမား ဖြစ်နေဆဲပဲလို့ ဗန်ဒိုက် ပြောကြား

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမား ဖြစ်နေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။
အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ဆာလာဟာ ဒီရာသီမှာ ဂိုးသွင်းနှုန်းကျဆင်းခဲ့သလို၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နည်းပြ အာနယ်ဆလော့နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲလုနီးပါး ဖြစ်ခဲ့ပါတယ်။
ဆာလာက လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ လမ်းခွဲနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ပြန်လာပြီးနောက်မှာတော့ လီဗာပူးလ်အသင်းအတွက် ပွဲတိုင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရနေပြီး (၂)ဂိုးသွင်းယူကာ ဖန်တီးမှု(၄)ကြိမ် ပြုလုပ်ပေးထားကြောင်း သိရပါတယ်။
ဒါ့အပြင် ဆန်းဒါးလန်းနဲ့ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု (၉၂)ကြိမ်ရှိသွားခဲ့တာကြောင့် လီဗာပူးလ်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဂျရတ်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ဗန်ဒိုက်က ''မို(ဆာလာ)က ခေါင်းဆောင်တစ်ယောက်အဖြစ် ရှိိနေဆဲဖြစ်ပြီး အသင်းအတွက် အလွန်အရေးပါသူဖြစ်နေတုန်းပါပဲ။ သူက အသင်းကို ဂိုးတွေထက် ပိုတဲ့အရာတွေ အမြဲပေးနေတာပါ။ သူ အသင်းမှာ ဆက်ရှိဖို့ ကျွန်တော် အမြဲတမ်းဆန္ဒရှိပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ သူက ကျွန်တော်တို့အတွက် ဘာမှ ပြောင်းလဲမသွားဘူးဆိုတာပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။

image