တပ်မတော်သည် နိုင်ငံရေးအစိုးရများ မည်သို့ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ရမည်

စွမ်းရည်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရန်ကြိုးပမ်းဆောင်ရွက်နေဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
တပ်မတော်သည် နိုင်ငံရေးအစိုးရများမည်သို့ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုများအား ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
" တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင်နေခြင်း ဖြစ်တာကြောင့် စွမ်းရည်ရှိတဲ့ တပ်မတော်၊ စွမ်းအားရှိတဲ့တပ်မတော်ဖြစ်အောင် ဆောင်ရွက်ရပါမယ်။ စွမ်းရည်၊ စွမ်းအားရှိတဲ့တပ်မတော်ဖြစ်စေဖို့အတွက် မိမိတို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
ထို့ပြင် ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့တွင် ခေတ်နှင့်အညီနည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရဲတပ်ဖွဲ့နှင့် တပ်မတော်သည် ညီနောင်တပ်ဖွဲ့များအဖြစ်လက်တွဲကာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံများပူးပေါင်းဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့အတူ နိုင်ငံတကာနှင့်ယှဉ်နိုင်သည့် တပ်မတော်ဖြစ်စေရန် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့ရှိ ရေယာဉ်၊ လေယာဉ်များအား အဆင့်မြှင့်တင်ခြင်း၊ ထပ်မံဖြည့်တင်းခြင်း၊ တပ်မတော်(ကြည်း)အတွက်လိုအပ်သည့် ယာဉ်ယန္တရားများ၊ လက်နက်အသုံးအဆောင်ပစ္စည်းများ၊ ခေတ်နှင့်လျော်ညီသည့် စစ်ဘက်နည်းပညာများအား အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်မှဖြည့်ဆည်းပေးထားသော တိုက်စွမ်းအားနှင့် ခေတ်မီလက်နက်နည်းပညာများကို အပြည့်အဝအသုံးချနိုင်ရေးအတွက် စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်ရန်လိုရာ စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေးဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
ကမ္ဘာပေါ်တွင်ဖြစ်ပျက်ပြောင်းလဲနေသည့် အခြေအနေများအလိုက် တပ်မတော်အနေဖြင့်ပြောင်းလဲမှုများ၊ ပညာပေးမှုများ၊ သုတေသနပြုမှုများကိုအမြဲဆောင်ရွက်ရန်လိုကာ စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေးအတွက် စွမ်းရည်ရှိသည့်တပ်မတော်သားများလိုအပ်၍ စွမ်းရည်ရှိသည့်တပ်မတော်သားများဖြစ်စေရေးကိုလည်းဆောင်ရွက်ရန်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအားနှုတ်ဆက်ခဲ့သည်။

image