ဟုမ္မလင်းဒေသသို့ လေကြောင်းပြေးဆွဲမှုများစနစ်တကျဖြစ်စေရေးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းဒေသသို့ လေကြောင်းပြေးဆွဲမှုများ စနစ်တကျဖြစ်စေရေးအတွက်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲပိုင်းက ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟုမ္မလင်းဒေသသို့ လေကြောင်းခရီးစဉ်များပြေးဆွဲမှုကို နိုင်ငံတော်မှတတ်နိုင်သမျှဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်းပြေးဆွဲမှုများစနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိ၍ ဟုမ္မလင်းဒေသတိုးတက်ရန် ဒေသခံများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့ပြင် မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများဆောင် ရွက်နိုင်ကာ ဒေသတွင်းလျှပ်စစ်ဓာတ်အားဖူလုံစွာပေးဝေနိုင်ရန် နိုင်ငံတော်အစိုးရမှ နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
" ဒေသတွင်းလျှပ်စစ်ဓာတ်အားရရှိဖို့အတွက် နေရောင် ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းတွေကိုဆောင်ရွက်နိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စဉ်းစားဆောင်ရွက်ကြစေလိုပါတယ်"ဟု နိုင်ငံ တော် ယာယီသမ္မတက ပြောသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် ဟုမ္မလင်းခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှထွက်ရှိသော ထုတ်ကုန်ပစ္စည်းများအားကြည့်ရှုခဲ့သည်။