မုံရွာမြို့၌ တည်ဆောက်နေသည့် မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာတွင် လုပ်ငန်းရှင် (၄၁) ဦးကို နေရာချထားပေးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်၊ ကျောက်ကာလမ်းဘေးတွင် မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာတစ်ခုတည်ဆောက်နေပြီး လုပ်ငန်းရှင် (၄၁) ဦးကို နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ပင်မအဆောက်အဦး (၄) ခုပါရှိပြီး ဆိုင်ခန်း (၄၁) ခန်းပါရှိပါတယ်။ ဆိုင်ခန်းငှားရမ်းအသုံးပြုဖို့ လာရောက်လျောက်ထားသူ (၇၁) ဦး ရှိပါတယ်။ အဲဒီအထဲကမှ အမှန်တကယ်ဆိုင်ခန်းဖွင့်လှစ်မယ့် (၄၁) ဦးကို စိစစ်ရွေးချယ် ဖွင့်လှစ်စေမှာဖြစ်ပါတယ်။ နေရာချထားရေးအဖွဲ့မှာ မုံရွာခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ စတဲ့ အဖွဲ့ဝင်(၉) ဦးအဖွဲ့ကို စနစ်တကျဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရကို တင်ပြပြီး အမှန်တကယ်လုပ်ကိုင်ဆောင်ရွယ်မယ့် သူတွေကို ရွေးချယ်နေရာချထားတာဖြစ်ပါတယ်။ လစဥ်ငှားရမ်းခနဲ့ ငှားရမ်းလုပ်ဆောင်လို့ ရအောင်စီစဥ်ထားပါတယ်"ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ပြောသည်။
မုံရွာမြို့တွင် ကား၊ ဆိုင်ကယ်နှင့် ယာဥ်မျိုးစုံဆက်စပ်ပစ္စည်းများ ရောင်းဝယ်နိုင်မည့် မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာကိုတည်ဆောက်ပေးလျက်ရှိရာ ပင်မအဆောက်အဦး (၄) ခုပါရှိကာ ဆိုင်ခန်း (၄၁) ခန်းပါဝင်ကြောင်း သိရသည်။
မုံရွာမြို့တွင် ကားဆိုင်ကယ်နဲ့ယာဥ်မျိုးစုံဆက်စပ်ပစ္စည်းများ ရောင်းဝယ်နိုင်သည့် မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာကို မုံရွာမြို့၊ ဘုန်းစိုးရပ်၊ ကျောက်ကာလမ်းဘေးမှာရှိသည့် မြေအကျယ် (၃ဒသမ၉) ဧက ပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်ချက်နှင့် အညီအကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။
"စင်တာနေရာဟာ အရင်က ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ အမြင်မသင့်တော်ခဲ့ဘူး။ မီးဘေးအန္တရာယ်လည်း စိုးရိမ်ရတယ်။ ဒါကြောင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေနဲ့ စည်ပင်သာယာရေး ဥပဒေ ၁၅ (က) ၊ ပုဒ်မခွဲ (၃၆) အရ တိုင်းဒေသကြီး အစိုးရကိုတင်ပြပြီး မော်တော်ယာဥ်ရောင်းဝယ်ရေးစင်တာကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မော်တော်ကားနဲ့ပါတ်သက်တဲ့ ပစ္စည်းစုံရောင်းဝယ်မယ့်နေရာဖြစ်ပါတယ်။ ပြုပြင်ထိမ်းသိမ်းတဲ့ ဌာနတွေလည်းပါဝင်ပါမယ်။ ရေဆေးရုံလည်းပါပါမယ်။ မော်တော်ဆိုင်ကယ်နဲ့ ပါတ်သက်တဲ့ပစ္စည်းတွေရောင်းဝယ်ဖို့လည်း ပါဝင်ပါတယ်။ မော်တော်ဆိုင်ကယ်အရောင်းဆိုင်လည်း ပါမှာဖြစ်ပါတယ်။ စားသောက်ဆိုင်တန်းလည်းပါဝင်မှာပါ။ အလှပြင်ဆိုင်၊ ဆံသဆိုင်တွေပါထည့်သွင်းထားပါတယ်။ စတိုးဆိုင်တွေ၊ တိရစ္ဆာန်အစာဆိုင်တွေကိုပါထားသွားမှာပါ"ဟု ဦးထွန်းထွန်းက ရှင်းပြသည်။
ယခုစင်တာ တည်ဆောက်ပေးခြင်းသည် မုံရွာမြို့ထဲတွင် တကွဲတပြားဖြင့် ကား၊ ဆိုင်ကယ်များ ရောင်းဝယ်နေရာမှ တစ်နေရာတည်း ကျယ်ကျယ်ဝန်းဝန်း စနစ်တကျဖြင့် ရောင်းဝယ်နိုင်ခွင့်ရှိသလို ကားဆိုင်ကယ်ပြုပြင်ခြင်း ရေဆေးခြင်းစသဖြင့် အစစအရာရာအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိကြမည်ဖြစ်သည်။

image