လက်ဖက်ပွဲတော်ပြုလုပ်သည့်အတွက် မြန်မာ့လက်ဖက်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်
------------------------------------------------------------------
မြန်မာ့လက်ဖက်ပွဲတော်ကို ကျင်းပပြုလုပ်တဲ့အတွက် မြန်မာ့လက်ဖက်ကို ပြည်သူ့တွေထဲမှာ ထဲထဲဝင်ဝင် သိရှိ လာနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။
ဖေဖော်ဝါရီ(၁၃)ရက်က ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြေ ဥယျာဥ်မှာ ကျင်းပပြုလုပ်တဲ့ လက်ဖက်ပွဲတော် တတိယနေ့မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ထူးခြားဝိသေသရှိတဲ့ လက်ဖက်စို စားသုံးတဲ့ ယဉ်ကျေးမှု ဓလေ့ကိုလည်း ပိုမိုတန်ဖိုး ထားတတ် လာကြ လိမ့်မယ်လို့ ဆိုပါတယ်။
မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို ကမ္ဘာ့ကစိတ်ဝင်စားလာမယ်ဆိုပါက လက်ဖက်စိုဟာ ရောင်းကောင်းတဲ့ ထုတ်ကုန် တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။
မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နဲ့ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းပြီး မြန်မာ့လက်ဖက်ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၄ ရက် အထိ မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။
လက်ဖက်ပွဲတော်တတိယနေ့မှာဆိုရင်လက်ဖက်နဲ့ပြုလုပ်ထားတဲ့မုန့်မျိုးစုံတွေ၊လက်ဖက်နဲ့လုပ်ထားတဲ့စားစရာမျိုးစုံကိုပြသခဲ့ကြတာဖြစ်ပြီးတိုင်းရင်းသားရိုးရာအကတွေနဲ့ဖျော်ဖြေမှုတွေပြုလုပ်ခဲ့ကြပါတယ်။
အခု လက်ဖက်ပွဲတော်မှာ လက်ဖက်ကို မျိုးစုံစားလို့ရတယ်ဆိုတဲ့အသိကို ပေးနိုင်ခဲ့တယ်လို့ Maw Shan Green Tea and Laphet မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နေခြည်မြတ်ထွန်းက ပြောပါတယ်။
မြန်မာ့လက်ဖက်ပွဲတော်ကို ကျင်းပရတာက လက်ဖက်စိုစားသုံးတဲ့ ယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံသားတွေ သာမက ကမ္ဘာ့နိုင်ငံ အသီးသီး ကပါ နှစ်သစ်ဖွယ်ရာ အစားအစာ တစ်ခုအဖြစ် သိမြင်လာစေဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ဖက်စားသုံးတဲ့ ယဉ်ကျေးမှု ဓလေ့ကို UNESCO Representative List of The Intangible Cultural Heritage ရဲ့လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အနေနဲ့ သတ်မှတ်စေဖို့နဲ့ မျိုးဆက်သစ်တွေ အပါအဝင် ပြည်သူတစ်ရပ်လုံးက မြန်မာ့လက်ဖက်စို စားသုံးတဲ့ဓလေ့ကို ထဲထဲ ဝင်ဝင် ပိုမိုသိရှိနားလည်ပြီး နှစ်သက် မြတ်နိုး တန်ဖိုးထားကာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ် လို့သိရပါတယ်။