2 ရက် - ဘာသာပြန်ပါ။

စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်တို့ ခေါ်ယူစစ်ဆေးခံနေရ

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဦးဝင်းမြင့်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်လောက်ကတည်းက စပြီး နေပြည်တော်မှာ ခေါ်‌ယူမေးမြန်းခံနေရတာ ဖြစ်တယ်လို့သိရပြီး‌ အကြောင်းရင်းကတော့ ဒေါ်လာရောင်းဝယ်ရေး လုပ်ငန်းနဲ့ အဓိက ဆက်စပ်တယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ကြားတာတော့ စက်သုံးဆီကိစ္စနဲ့ ပတ်သက်လို့ ခေါ်စစ်တာတော့ မဟုတ်ဘူးလို့ ကြားထားပါတယ်။ အဓိက က ဒေါ်လာကြောင့်ပေါ့။ စက်သုံးဆီသွင်းဖို့အတွက် အစိုးရဈေးနဲ့ ထုတ်ပေးထားတဲ့ ‌ဒေါ်လာတွေကို ပြင်ပပေါက်ဈေးနဲ့ အရောင်းအဝယ် လုပ်နေလို့ စစ်ဆေးခံနေရတာလို့ သိရပါတယ်။ ဖမ်းလိုက်ပြီလို့လည်း ပြောနေကြတယ်။ သေချာတော့ မသိသေးဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီအသင်း ဥက္ကဋ္ဌနေရာနဲ့ အတွင်းရေးမှူး နေရာအတွက် New Day စက်သုံးဆီလုပ်ငန်းမှ ဦးမျိုးမြင့်ဆွေနဲ့ Max ကုမ္ပဏီမှ ‌ဒေါ်နုနုဝေတို့ကို ရွေးချယ် တင်မြှောက်ထားတယ်လို့ သိရပါတယ်။
စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးဟာ APEX Terminal ပိုင်ရှင်လည်းဖြစ်သလို အဏ္ဏဝါလွှမ်းကုမ္ပဏီနဲ့ ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC) ဥက္ကဋ္ဌလည်းဖြစ်တယ်လို့ သိရပါတယ်။
ဦးခင်စိုးဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ရုံးစိုက်ပြီး ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင် စက်သုံးဆီ အရောင်းဆိုင်အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီအသင်း အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်ကတော့ မြတ်မေတ္တာမွန် စက်သုံးဆီကုမ္ပဏီကို အဓိက လုပ်ကိုင်နေသူဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ်ဟောင်း တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း လျှပ်စစ်နှင့် စွမ်းအင် ဒုတိယဝန်ကြီး ဦးသန့်စင်ကို အစိုးရ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ၎င်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။
စက်သုံးဆီတင်သွင်းရာမှာ စျေးကစားတာကြောင့် စက်သုံးဆီ လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်ကို တာဝန်ကနေ ရပ်စဲခဲ့တာ ဖြစ်ပါတယ်။

image