ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ် ဖော်ဆောင်မည်ဟုဆို
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပြည်တွင်းအင်အားစုများ ကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင် ဥက္ကဋ္ဌ ကပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကို ပြည်ပအမှီအခိုကင်းစွာဆောင်ရွက်မည်ဟုလည်း သဝဏ်လွှာတွင်ဖော်ပြထားသည်။ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းမှု နှစ်နှစ် ရှိလာချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ဖော်ဆောင်မည်ဟု ထုတ်ပြောလာခြင်းဖြစ်သည်။
နစက လက်ထက် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီး လက်ရှိအထိ အခြေခံစစ်သင်တန်း အပတ်စဉ် ၂၀ ကျော် ဖွင့်လှစ်ထားပြီးဖြစ်သည်။
တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုတည်တံ့ခိုင်မြဲမည် ဖြစ်သလို ပြည်သူတစ်ရပ်လုံးက လည်း အစိုးရ၊တပ်မတော်တို့နှင့်တစ်သားတည်း ရပ်တည်ရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။
အလားတူ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက် ရန်လိုသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် နိုင်ငံရေးနည်းလမ်းအရ ရင်ကြားစေ့ရေး ဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ရာ ဆွေးနွေးမှုများကိုဖိတ်ခေါ်ကြောင်း အထက်ပါ သဝဏ်လွှာ၌ဆက်လက်ဖော်ပြထားသည်။