မြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းနဲ့တိုက်ခိုက်​ခံရ​မှုကို တားဆီးနိုင်​ပေမယ့် လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းခဲ့ရ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ် နဲ့ အနီးတဝိုက်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး လေကြောင်းခရီးစဥ်တွေ အားလုံးဖျက်သိမ်း လိုက်ရတယ်လို့ စုံစမ်းသိရှိရပါတယ် ။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မြစ်ကြီးနား လေဆိပ်နဲ့ အနီးတဝိုက်ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က FPV Suicide Drome သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို အစိုးရတပ်ဘက်က ဟန့်တား နိုင်ခဲ့တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ် ။
အလားတူ ညနေပိုင်းမှာလည်း လေဆိပ်အနီးရှိ အဆောက်အဦတခုပေါ်ကို ဒရုန်းဗုံးကျရောက် ပေါက်ကွဲမှု ရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
" ခုညနေ လေဆိပ်နားက ဘိုးဘွားရိပ်သာ ခေါင်မိုးပေါ်ကို ဒရုန်းဗုံးကျသေးတယ်။ခေါင်မိုးပေါ်က ရေစင်ပေါ်ကိုကျတာ ။ သေနတ်တွေ ပစ်သံလည်းကြားရတယ်။ မနက်ကလည်း လေဆိပ်ကို ဒရုန်းနဲ့တိုက်ခံရတယ် သိရတယ်။ အဲဒါကြောင့် ဒီနေ့ ( ၁၂ ရက်နေ့) ထွက်မယ့် လေယာဥ်ခရီးစဥ်တွေ အကုန်ဖျက်သိမ်းလိုက်တယ် ။လေယာဥ်တွေမထွက်ဘူး ။ ငွေပဲ ပြန်အမ်းမလား အစားထိုးရက်ပြန်ပေးမလားတော့ မသိသေးဘူး ။ " လို့ ဒေသခံက ပြောပါတယ်။
လေဆိပ်ကို ​တိုက်ခိုက်လာတဲ့ Drone ကို ဟန့်တားနိုင်ခဲ့တဲ့အတွက် လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ လေယာဉ်ပြေးလမ်း နဲ့ အနီးဝန်းကျင်ရှိ မြေပြင်ပေါ်ကိုသာ ပျက်ကျခဲ့ကြောင်း ၊ Drone မှာ ပါရှိတဲ့ ဖောက်ခွဲရေးပစ္စည်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စနစ်တကျ သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။
အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိတဲ့အပြင် လေဆိပ်အဆောက်အအုံနဲ့ လေယာဉ်ပြေးလမ်းလည်း ပျက်စီးမှုမရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ မြစ်ကြီးနား - မန္တလေး ကားလမ်းက နယ်မြေအခြေအနေအရလမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သွားလာရ ကြန့်ကြာမှုတွေရှိနေတာ ကြောင့် အများစုဟာ လေကြောင်းလိုင်း နဲ့ သွားလာနေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
မြစ်ကြီးနား - မန္တလေး လေယာဥ်လက်မှတ်ခနူန်းထားမှာ ရှစ်သိန်းကျပ်အထက် ရှိပြီး ရန်ကုန် - မြစ်ကြီးနား လေယာဥ်လက်မှတ်ခကတော့ ဆယ်သိန်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။

image