တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုင်ငံတော်ယာယီသမ္မတက ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုက်တွန်း
နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းစတဲ့ လောကပါလတရားတွေ ထွန်းကားနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာကနေ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ၂၀၂၆ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပို့ခဲ့တဲ့ သဝဏ်လွှာကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြန်လည်ဖတ်ကြားခဲ့တာမှာ ပါရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်တန့်ခိုင်မြဲဖို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်းနိုင်ငံတော်အစိုးရ၊တပ်မတော်နဲ့ တစ်သားတည်း ရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက်နိုင်ငံတော် ကိုကာကွယ်စောင့်ရှောက်ကြရန်လိုအပ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများအားလုံးကို ပါဝင်ပူးပေါင်းဖို့ကိုလည်း သဝဏ်လွှာမှာပါရှိခဲ့ပါတယ်။
အဲ့ဒီတိုက်တွန်းမှုနဲ့အတူ ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်က ရရှိခဲ့တဲ့ ရလဒ်တွေအရမြန်မာနိုင်ငံတစ်နံတစ်လျားမှာရှိတဲ့လူငယ်တွေရဲ့ငြိမ်းချမ်းရေးလိုလားမှုအသံတွေကို ကြားသိခဲ့ရတဲ့အတွက် ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တစ်နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်ရဲ့ ဘုံသဘောတူညီမှုတွေအပေါ် ပူးပေါင်းပါဝင်ကြရန်လိုအပ်တယ်လို့လည်းပါရှိခဲ့ပြီး နိုင်ငံတော်ဖက်ကလည်းလည်း ဆွေးနွေးမှုတွေကို ဖိတ်ခေါ်နေပြီး ငြိမ်းချမ်းရေးတံခါးကိုအစဥ်အမြဲဖွင့်လှစ်ကြိုဆိုနေတဲ့အတွက် "ပြည်ထောင်စုကြီးတိုးတက်ဖို့ ထာဝရငြိမ်းချမ်းရေးကိုတည်ဆောက်စို့"ဆိုတဲ့ ပြည်ထောင်စုနေ့ဆောင်ပုဒ်အတိုင်း အတူလိုက်နာကျင့်သုံးပြီးနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ပါဝင်ပူးပေါင်းကြဖို့ လည်း ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေတစ်ပါတည်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှုတွေနဲ့ပတ်သက်ပြီး ဒီကနေ့အချိန်ထိ ထိမ်းထိမ်းသိမ်းသိမ်းနဲ့ လုပ်ဆောင်နေတဲ့အကြောင်းနဲ့တပ်မတော်အနေနဲ့ ပြည်သူများထဲက ပေါက်ဖွားလာတဲ့မျိုးချစ်တပ်မတော်ဖြစ်သလို တိုင်းရင်းသားပေါင်းစုံပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော်ဖြစ်တဲ့အတွက် နိုင်ငံအတွက်ကို မယိမ်းမယိုင်ရပ်တည်ခဲ့တဲအခိုင်အမာဆုံး အဖွဲ့အစည်းဖြစ်တဲ့အတွက် ကမ္ဘာတည်သရွေ့တပ်မတော်တည်ရှိမယ်လို့ပါရှိပြီး တပ်မတော် တည်ရှိနေသရွေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လည်းတည်တန့်ခိုင်မြဲနေမယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း နိုင်ငံနဲ့လူမျိုးအတွက်အကျိုးမရှိတဲ့ လုပ်ဆောင်ချက်တွေကို ချန်လှပ် ရပ်တန့်ပြီးနိုင်ငံအတွက်အကျိုးဖြစ်ထွန်းနိုင်မယ့် အပြုသဘောဆောင်ရွက်ချက်တွေကိုသာ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် နဲ့လုပ်ဆောင်သွားရမှာဖြစ်တယ် လို့လည်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ တူညီတဲ့လိုအပ်ချက်က တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးဖြစ်တဲ့အတွက် နိုင်ငံတော်ဖက်ကလည်း အကြမ်းဖက်မှုပပျောက်ရေး တရားဥပဒေစိုးမိုးရေး နိုင်ငံသားအားလုံးလူ့အခွင့်အရေးအပြည့်အဝရရှိရေး ဖြောင့်မတ်တည်ကြည်တဲ့ တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်နေတဲ့အပြင် ကြာမီကျင်းပတော့မယ့် လွှတ်တော်အစည်းအဝေးက ထွက်ပေါ်လာမယ့် အစိုးရကိုနိုင်ငံတော် တာဝန်တွေကိုလွှဲပြောင်းပေးအပ်သွားမယ်လို့ လည်းပါရှိခဲ့တာပါ။
တပ်မတော်အနေနဲ့ငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူတွေနဲ့ လက်တွဲပြီးလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းတွေ လက်ရှိ လုပ်ဆောင်နေတဲ့ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ နယ်မြေချဲ့ထွင်တိုက်ပွဲဖော်ဆောင်မှုတွေကိုလည်း ထိန်းသိမ်းကာကွယ်သွားမှာဖြစ်တယ်လို့ ပါရှိတဲ့အပြင် နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာနဲ့ပြည်တွင်းအင်အားတွေကိုအခြေပြုပြီး ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကိုကြိုးပမ်းအကောင်အထည်ဖော်သွားမယ်လို့ ဒီကနေ့ ၁၂.၂.၂၀၂၆ ရက်နေ့မှာကျရောက်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့မှာနိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီက ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာဖော်ပြခဲ့ပါတယ်။