မြိတ်-ထားဝယ်ကားလမ်းပိတ်နေလို့ ကားတွေရာနဲ့ချီပိတ်မိနေ

တနင်္သာရီတိုင်း ၊ မြိတ် - ထားဝယ်ကားလမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် ကား လမ်းပိတ်နေပြီး ကားတွေ ရာနဲ့ချီပိတ်မိနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
လက်ရှိမှာ မြိတ်ကနေ ထားဝယ်ကို အတက်လမ်းဖြစ်တဲ့ ပလောက်မြို့အကျော် ဆင်ထိုးရွာမှာ လမ်းပိတ်ထားသလို ထားဝယ်ကနေ မြိတ်ကိုအဆင်း သရက်ချောင်းမြို့ အကျော်ရှိ ပိတိုင်ရွာမှာလည်း လမ်းပိတ်ထားတာကြောင့် လမ်းတဖက်စီမှာ ကားတွေ ပိတ်မိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
" အခုထိ ပိတ်နေတုန်းပဲ ။ မြေပြင်အခြေအနေမှာ တိုက်ပွဲ ဖြစ်တာမျိုးက တအားကြီး မရှိဘူးလို့တော့သိရတယ်။ စစ်ရေးအခြေအနေအရ ပိတ်ထားတာလားတော့ မပြောတတ်ဘူး ။ ပိတ်ထားတာက ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဘက်က ပိတ်ထားတာပါ။ " လို့ ဒေသခံက ပြောပါတယ် ။
ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး မြိတ် - ထားဝယ်ကားလမ်းပိုင်း ပိတ်နေတာ ဖြစ်လို့ ဒီနေ့အထိ ဆိုရင် ကားလမ်းပိတ်နေတာ လေးရက်အထိ ရှိလာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
မြိတ်- ထားဝယ် ကားလမ်းပိတ်နေတာကြောင့် လမ်းပိုင်းမှာ ပိတ်မိနေတဲ့ ကုန်ကားတွေထဲကမှ ကုန်စိမ်းသီးနှံတွေကတော့ ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့က မြိတ် - ထားဝယ်ကားလမ်း၊ သရက်ချောင်း မြို့နယ်ထဲက သဲချောင်းကြီးရွာဘက်မှာ အစိုးရတပ် နဲ့ ဒေသတွင်းလက်နက်ကိုင် တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မြိတ် - ထားဝယ် ကားလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ် နဲ့ ပလောက်မြို့အကြားက ကျေးရွာဘက်တွေမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ် ။

image