ဥရောပစူပါလိဂ်ပြဿနာကို အဆုံးသတ်လာတဲ့ ရီးရဲလ်မက်ဒရစ်နှင့် ယူအီးအက်ဖ်အေ
=====================
ယူအီးအက်ဖ်အေနှင့် ရီးရဲလ်မက်ဒရစ်တို့ဟာ ဥရောပစူပါလိဂ်ကျရှုံးမှုနှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေမှုအား အဆုံးသတ်လာပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဥရောပစူပါလိဂ်စီမံကိန်းမှ ဘာစီလိုနာနုတ်ထွက်သွားပြီးနောက် ယင်းစီမံကိန်းတွင် တစ်သင်းတည်းသောအသင်းအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းက အီးယူတွင် ဥရောပစူပါလိဂ်ပြိုင်ပွဲအား မဖြစ်ပေါ်လာအောင် တားဆီးခဲ့တဲ့ ယူအီးအက်ဖ်အေအား အမှုရင်ဆိုင်ခဲ့ရာ အနိုင်ရခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဥရောပစူပါလိဂ်ကျရှုံးစေမှုအတွက် ယူအီးအက်ဖ်အေထံမှ နစ်နာကြေးတောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ယခုအခါ ယူအီးအက်ဖ်အေ၊ ဥရောပဘောလုံးကလပ်များအဖွဲ့ချုပ်နှင့် ရီးရဲလ်မက်ဒရစ်တို့က ဥရောပဘောလုံးလောကကောင်းမွန်ရေးအတွက် တရားရုံးပြင်ပတွင် သဘောတူညီမှု ရရှိလာပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ချန်ပီယံလိဂ်နှင့်အပြိုင် တစ်စင်ထောင်ခဲ့တဲ့ ဥရောပစူပါလိဂ်ကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့တာဖြစ်ပြီး ဥရောပထိပ်သီးကလပ် ၁၂ ခု ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ပရိသတ်များ ဆန္ဒပြလာမှုကြောင့် ပရီးမီးယားလိဂ်ကလပ်များအပါအဝင် ကလပ်များ အသီးသီး နုတ်ထွက်သွားခဲ့ကြမှုနှင့် မအောင်မြင်ခဲ့ပါဘူး။
ရီးရဲလ်မက်ဒရစ်ဟာ ဥရောပစူပါလိဂ်စီမံကိန်းကျရှုံးစေမှုအတွက် ယူအီးအက်ဖ်အေနှင့် တရားရင်ဆိုင်ရမှုအား အဆုံးသတ်လာပေမယ့် ယင်းစီမံကိန်းကို ဆက်လုပ်ရန် အစီအစဉ်ရှိ/မရှိ မသိရသေးပါဘူး။