3 ရက် - ဘာသာပြန်ပါ။

ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်သူများက ကိုလိုနီပြုထားတယ်လို့ ပြောဆိုခဲ့တဲ့ ဆာဂျမ်ရက်ကလစ်ဖ်အား တောင်းပန်ရန် ဗြိတိန်ဝန်ကြီးချုပ်တောင်းဆိုလာ
===================
ဆာကီယာစတားမာက ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်ပြီး မှားယွင်းပြီး တိုက်ခိုက်ပြောဆိုမှုပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ပူးတွဲပိုင်ရှင်ဘီလျှံနာဆာဂျမ်ရက်ကလစ်ဖ်အနေဖြင့် တောင်းပန်ရန် ပြောကြားလာပါတယ်။
ကမ္ဘာ့အကြီးဆုံးဓာတုဗေဒကုမ္ပဏီများထဲမှ တစ်ခုဖြစ်တဲ့ Ineos ကို တည်ထောင်တဲ့ ဆာဂျမ်ရက်ကလစ်ဖ်က ဗုဒ္ဓဟူးနေ့တုန်းက Sky News နှင့် အင်တာဗျူးတွင် ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်သူများက ကိုလိုနီပြုထားကြောင်း ပြောဆိုခဲ့သလို ဝန်ကြီးချုပ်မှာလည်း နိုင်ငံ့စီးပွားရေးတည်ငြိမ်ရေး ကိုင်တွယ်ရာမှာ ပျော့ပြောင်းလွန်းကြောင်း ပြောဆိုခဲ့ပါတယ်။
ယင်းနောက် ချက်ချင်းဆိုသလို ဆာကီယာက ဗြိတိန်မှာ ဂုဏ်ယူစရာကောင်းပြီး သည်းခံတတ်သော၊ မတူကွဲပြားမှုကို လက်ခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ပြောဆိုလာပြီး ဆာဂျမ်ရက်ကလစ်ဖ်အနေဖြင့် ယင်းပြောဆိုမှုအတွက် တောင်းပန်ရန် ပြောကြားလာပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်ဝတ်တွင် ပြုလုပ်တဲ့ European Industry Summit သို့ တက်ရောက်နေစဉ် Sky News ရဲ့ စီးပွားရေးဆိုင်ရာအယ်ဒီတာ အက်ကွန်ဝေးနှင့် အင်တာဗျူးတွင် "အကျိုးခံစားခွင့် ရှိသူ ၉ သန်းနဲ့ စီးပွားရေး တစ်ခု ရှိနေမှာ မဟုတ်ပါဘူး။ ပြီးတော့ ရွှေ့ပြောင်းနေထိုင်သူပမာဏကလည်း များသထက် များနေတယ်။ ဗြိတိန်က ကိုလိုနီပြုခံထားရတယ်လို့ ပြောလိုတာပါ။ ကုန်ကျစရိတ်လည်း အရမ်းများတယ်။ ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်သူတွေက ကိုလိုနီပြုလုပ်ထားတယ်။ မဟုတ်ဘူးလား။ ဗြိတိန်က ၂၀၂၀ ခုနှစ်မှာ လူဦးရေ ၅၈ သန်းရှိတယ်။ အခု သန်း ၇၀ ရှိနေပြီ။ ၁၂ သန်းတိုးလာတယ်"လို့ ပြောကြားသွားခဲ့တာပါ။
Office for National Statistics ရဲ့ အချက်အလက်များအရ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင် လူဦးရေ ၆၆.၇ သန်းရှိပြီး ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ၆၉.၄ သန်း ရှိကြောင်း တွေ့ရပါတယ်။
အထက်ပါအတိုင်း ပြောဆိုခဲ့တဲ့ ဆာဂျမ်ရက်ကလစ်ဖ်အား ယူနိုက်တက်ပရိသတ်အဖွဲ့များအပါအဝင် အဖွဲ့အစည်းအမြောက်အမြားက ဝေဖန်ရှုတ်ချနေကြပါတယ်။
ယင်းအဖွဲ့အစည်းများအတွင်းတွင် မန်ချက်စတာယူနိုက်တက်မွတ်စလင်အားပေးသူများကလပ်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အသက် ၇၀ နှစ်ရှိ ဆာဂျမ်ရက်ကလစ်ဖ်က နိုင်ငံရေးသမားများအနေဖြင့် ပြဿနာကြီးများ ပြေလည်မှု ရရှိလာစေရန် လူကြိုက်မများတဲ့အရာများ ပြုလုပ်ရန်လည်း ပြင်ဆင်ထားသင့်ကြောင်းလည်း ဆိုသွားပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်ဟာ ၂၀၂၄ ခုနှစ်တုန်းက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် ဝန်ထမ်း ၄၅၀ ကို ထုတ်ပယ်ကာ အသုံးစရိတ်လျှော့ချထားသလို နည်းပြ ၂ ဦးလည်း ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။

image