ကာရစ်လက်ထက်တွင် အလှည့်အပြောင်းဖြစ်လာပြီးနောက် စာချုပ်သစ်ချုပ်ဆိုလာဖို့ ရှိနေတဲ့ ဟယ်ရီမက်ဂွိုင်းယား
=====================
ဟယ်ရီမက်ဂွိုင်းယားဟာ နည်းပြမိုက်ကယ်ကာရစ်လက်အောက်တွင် ကစားသမားဘဝ ပြန်လည်ဦးမော့လာပြီးနောက် ယူနိုက်တက်နှင့် စာချုပ်သစ်ချုပ်ဆိုလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ နွေရာသီတွင် ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပြီး ကာရစ်လက်ထက်တွင် ဗဟိုခံစစ်မှာ လီဆန်ဒရိုမာတီနက်ဇ်နှင့် အတွဲညီညီ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ မက်ဂွိုင်းယားဟာ ဒီလက် ဒဏ်ရာကြောင့် အနားယူနေရမှုနှင့်အတူ ယူနိုက်တက်တွင် ပုံမှန်ကစားခွင့်ရလာတာလည်း ဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ ယခင်နည်းပြရူဘင်အမိုရမ်လက်ထက်တုန်းက ပုံမှန်ပွဲထွက်ကစားခွင့်မရခဲ့ပေမယ့်လည်း အတွေ့အကြုံနှင့် ခေါင်းဆောင်စွမ်းရည်အပေါ် အလေးထားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ မားသီးယပ်စ်ဒီလက်နှင့် ယိုရိုတို့ ရောက်လာပေမယ့်လည်း ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်အတွက် ပွဲ ၄၀ ကစားကာ ၄ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
ယနေ့တွင် Daily Mail သတင်းစာက မက်ဂွိုင်းယားမှာ နောက်ပိုင်းပွဲများတွင် ခြေစွမ်းပြလာမှုနှင့်အတူ စာချုပ်သစ်ကမ်းလှမ်းခြင်းခံလာရတော့မှာ ဖြစ်ကြောင်း ဖော်ပြသွားပါတယ်။
မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်တွင် လက်စတာမှ ပေါင်သန်း ၈၀ ဖြင့် ပြောင်းလာပြီးနောက် တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရရှိနေသူ ဖြစ်ပါတယ်။
တဖက်တွင် မက်ဂွိုင်းယားနှင့် ယူနိုက်တက်တို့အကြားတွင် လုပ်ခ၊ စာချုပ်သက်တမ်းတို့နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရပါဦးမယ်။