ဘာစီလိုနာကစားဖော်ဟောင်းနေမာထံမှ အထူးလက်ဆောင်ရရှိလာတဲ့ လီယွန်နယ်မက်ဆီ
======================
နေမာနှင့် ဆန်းတို့စ်တို့ဟာ အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ ကျောနံပါတ် ၁၀ အင်္ကျီအား လီယွယ်နယ်မက်ဆီနှင့် သားများဖြစ်ကြတဲ့ တီယာဂို၊ မာတီယို၊ ကိုင်ရိုတို့ထံသို့ လက်ဆောင်ပေးပို့လာပါတယ်။
နေမာနှင့် မက်ဆီတို့ဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့တွင် အတူတကွ ကစားခဲ့ကြသူများဖြစ်ကြပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြသူများ ဖြစ်ပါတယ်။
မက်ဆီနှင့် နေမာတို့ဟာ ဘာစီလိုနာတွင် ကစားစဉ်ကတည်းက သူငယ်ချင်းကောင်းများဖြစ်ခဲကြပြီး ၂၀၁၄-၁၅ ရာသီတုန်းက ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီတည်း ဆုဖလား ၃ လုံး ဆွတ်ခူးမှုအပါအဝင် ဆုဖလား ၈ လုံး အတူ ရရှိခဲ့ကြပါတယ်။
မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ်တို့ဟာ ထိုစဉ်တုန်းက MSN တိုက်စစ်အတွဲအဖြစ် နာမည်ကြီးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ နေမာက ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် မက်ဆီရောက်လာမှုနှင့်အတူ ပဲရစ်တွင် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။
၎င်းတို့နှစ်ဦးလုံးတို့ဟာ ၂၀၂၃ ခုနှစ်တွင် ပီအက်စ်ဂျီမှ ထွက်ခွာခဲ့ကြပါတယ်။ နေမာက ဆော်ဒီကလပ် Al-Hilal သို့ ပြောင်းခဲ့ပြီး မက်ဆီက အင်တာမိုင်ယာမီသို့ ပြောင်းခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိ နေမာဟာ Al-Hilal တွင် ဒဏ်ရာပြဿနာကြုံရကာ တစ်နှစ်ကျော်ကြာ နားခဲ့ရပြီးနောက် ပြီးခဲ့တဲ့နှစ်မှ စတင်ကာ အသင်းဟောင်းဆန်းတို့စ်တွင် ကစားလာခဲ့ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာရရှိနေတဲ့ကြားမှ ဆန်းတို့စ်အား တန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ယခုအခါ နေမာဟာ ၎င်းတို့အကြား ခင်မင်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန်အတွက် မက်ဆီထံသို့ လက်ဆောင်ပေးပို့လာပါတယ်။
ဆန်းတို့စ်အသင်းက “From Neymar Jr. to Lionel Messi. From the Prince to the Genius" ဆိုပြီး ရေးသားကာ ပို့စ်တင်လာသလို နေမာနှင့်မက်ဆီကိုလည်း ပီလီနှင့် ခိုင်းနှိုင်းသွားခဲ့ပါတယ်။