မာတီတာရဲ့ ဒူးဒဏ်ရာမှာ အစောပိုင်းက ထင်မှတ်ထားသလောက် စိုးရိမ်စရာ မရှိ
=====================
ပြီးခဲ့တဲ့လတုန်းက အေစီမီလန်သို့ ပြောင်းရွှေ့ရေး ပျက်ပြယ်ခဲ့စေတဲ့ မာတီတာရဲ့ ဒူးဒဏ်ရာမှာ အစောပိုင်းတုန်းက ထင်မှတ်ထားသလောက် စိုးရိမ်စရာမရှိဘဲ ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်ကြောင်း ပဲလေ့စ်နည်းပြအိုလီဗာဂလက်စ်နာက ပြောကြားလာပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် အေစီမီလန်သို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရန် သဘောတူညီမှု ရခဲ့ပေမယ့်လည်း နှစ်ကြိမ်တိုင်တိုင် ဆေးစစ်ဆေးမှုခံယူရာတွင် ဒူးဒဏ်ရာရရှိနေကြောင်း တွေ့ရှိခဲ့ရပြီးနောက် အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးဟာ ပထမရာသီဝက်တုန်းက ဒူးဒဏ်ရာဖြင့် ကစားလာသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ပဲလေ့စ်နည်းပြက မာတီတာရဲ့ ဒူးဒဏ်ရာကို စပါယ်ရှယ်လစ်များနှင့် ပြသမှု ပြုလုပ်ပြီးချိန်မှာတော့ အစောပိုင်းတုန်းက ထင်မှတ်ထားသလောက် စိုးရိမ်စရာ မရှိကြောင်း အတည်ပြုလာပါတယ်။
ဒါကြောင့်လည်း မာတီတာအနေဖြင့် ဇွန်လတွင် စတင်လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်နှင့်အတူ ပါဝင်ကစားရန် မျှော်လင့်ချက် ရှိလာပါတယ်။
တဖက်တွင် အိုလီဗာဂလက်စ်နာက မာတီတာမှာ ဘယ်အချိန်တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလာနိုင်မလဲဆိုတာကိုတော့ အတည်ပြုသွားခြင်း မရှိပါဘူး။
မာတီတာဟာ ယခုရာသီ ပရီးမီးယားလိဂ် ၈ ဂိုးအပါအဝင် ပဲလေ့စ်အတွက် ၁၈၆ ပွဲကစားထားရာမှာ ၅၆ ဂိုးသွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။
ပဲလေ့စ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့တွင် မာတီတာကို မီလန်သို့ ရောင်းရန် သဘောတူညီမှု ရရှိပြီးနောက် ဝုဗ်မှ တိုက်စစ်မှူးလာဆင်ကို ပေါင် ၄၈ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။
ပရီးမီးယားလိဂ်အဆင့် ၁၃ နေရာတွင် ရပ်တည်နေတဲ့ ပဲလေ့စ်ဟာ ယနေ့ညတွင် အဆင့် ၁၉ နေရာမှ ဘန်လေကို ဧည့်ခံကစားရပါမယ်။