လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်နိုင်ဟု ထုတ်ပြန်
------------------
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖေဖော်ဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ(၁၁)ရက် မနက်ပိုင်းကထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်မှာအခုလိုပါရှိတာပါ။
ဒါ့အပြင် ညအပူချိန်တွေအနေနဲ့လည်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာတော့ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ဆို ပါတယ်။
အဲဒီအပြင် နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်လ်တွေရဲ့ ခန့်မှန်းချက်အရ ဖေဖော် ဝါရီလ အတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေကနေ ပုံမှန်နှစ်တစ်နှစ်ကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနခန့်မှန်းချက်ကို ဖေဖော်ဝါရီလ ၁၀ ရက်က ထုတ်ပြန်ထား ပါတယ်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အား အနည်းငယ်ရှိတဲ့ လာနီညာအခြေအနေမှာ ရှိနေတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာပါရှိထားပါတယ်။