ရွေးကောက်ပွဲပြီးဆုံးပြီးနောက် ယခုနှစ် ဧပြီလကုန်ပိုင်းတွင် ထိုင်းအစိုးရအဖွဲ့သစ် ပေါ်ထွက်လာနိုင်ဖွယ်ရှိ
ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ဖုန်ဂျိုင်ထိုင်းပါတီအနိုင်ရရှိခဲ့ပြီးနောက် ယခုနှစ် ဧပြီလကုန်ပိုင်းတွင် ထိုင်းအစိုးရအဖွဲ့သစ်ပေါ်ထွက်လာနိုင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့် အစိုးရအဖွဲ့သစ်အနေဖြင့်အစိုးရတာဝန်များကို လေးနှစ် သက်တမ်းအပြည့် တာဝန်ယူနိုင်လိမ့်မည်ဟု မိမိမျှော်လင့်ထားကြောင်း ဖုန်ဂျိုင်ထိုင်း ပါတီ ခေါင်းဆောင် လက်ရှိထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်ကဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
ဝန်ကြီးချုပ် အနူတင်ချန်ဝီရာကူးလ်၏ ဖုန်ဂျိုင်ထိုင်းပါတီသည်ဖေဖော်ဝါရီ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး ထိုင်းလွှတ်တော်အမတ် နေရာ၅၀၀ အနက် ၁၉၃ နေရာအထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။
အသက် (၅၉) နှစ်အရွယ်ဝန်ကြီးချုပ် ချန်ဝီရာကူးလ်၏ ထိုင်းအစိုးရအဖွဲ့သစ်အနေဖြင့် ထိုင်းနိုင်ငံရင်ဆိုင်နေရသော စီးပွားရေးပြဿနာများကို ဦးစွာဖြေရှင်းရမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲသည် ရေတိုအားဖြင့်နိုင်ငံရေးပြဿနာများ ပေါ်ထွက်လာနိုင်ခြေကို လျှော့ချရာတွင် အထောက်အကူပြုခဲ့သော်လည်း ထိုင်းနိုင်ငံ ရင်ဆိုင် နေရသည့် စီးပွားရေးအရ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင်ထိရောက်စွာ ကူညီပေးနိုင်ဖွယ် မရှိ ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်လှုပ်ရှားမှုကာလများအတွင်း ထိုင်းနိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးမှု နှုန်းကို ၃ ရာခိုင်နှုန်းအထက် မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း ဖုန်ဂျိုင်ထိုင်းပါတီက ကတိပေးထားသည်။

image