အိန္ဒိယတွင် နွားနို့အတုထုတ်လုပ်သည့်စက်ရုံကို ငါးနှစ်ကြာမှတွေ့ရှိ
အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဆပ်ပြာမှုန့်၊ ယူရီးယားနှင့်ဓာတုပစ္စည်းများဖြင့် နွားနို့အတု ထုတ်လုပ်ရောင်းချနေသည့်လုပ်ငန်းတစ်ခုကို ငါးနှစ်အကြာမှ အာဏာပိုင်များက စီးနင်းရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
ဂူဂျာရတ်ပြည်နယ်ရှိ ခရိုင်နှစ်ခုတွင် နေထိုင်သူများထံ အဓိကဖြန့်ဝေရောင်းချခဲ့သည့် အဆိုပါ နွားနို့စက်ရုံကို အာဏာပိုင်များက ဖေဖော်ဝါရီ ၇ ရက်တွင် ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပြီးနောက် ဆပ်ပြာမှုန့်နှင့် ဓာတုပစ္စည်းများကို အသုံးချနေကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စက်ရုံမှ နေ့စဉ်နွားနို့အတု လီတာ ၁၇၀၀ မှ ၁၈၀၀ အထိ ထုတ်လုပ်ရန်နို့အစစ် ၃၀၀ လီတာကိုသာအသုံးပြုပြီး ဆပ်ပြာမှုန့်၊ယူရီးယားနှင့် ဆော်ဒါတို့အပါအဝင်အခြားဓာတုပစ္စည်းများဖြင့် ရောစပ်ထုတ်လုပ်နေခြင်းဖြစ်သည်ဟု ဒေသခံ ရဲတပ်ဖွဲ့ကပြောသည်။
အဆိုပါ နွားနို့အတုများကို ဒေသအတွင်း ငါးနှစ်ကြာထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့ရာ ယင်းနွားနို့ အမှတ်တံဆိပ်များကို ဝယ်သူသောက်သုံးခဲ့ကြသည့် ဒေသခံများအတွက် ကျန်းမာရေးအန္တရာယ်စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း Times of India သတင်းတွင်ဖော်ပြထားသည်။
အာဏာပိုင်များ၏ စီးနင်းမှုအတွင်း စက်ရုံတာဝန်ခံတစ်ဦးအပါအဝင် အရွယ်ရောက်ပြီးသူ ဝန်ထမ်းလေးဦးနှင့် အရွယ်မရောက်သေးသည့် အလုပ်သမားတစ်ဦးတို့ကို ဖမ်းမိခဲ့‌သော်လည်း စက်ရုံပိုင်ရှင်ဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
လက်ရှိတွင် အဆိုပါစက်ရုံကို ရဲတပ်ဖွဲ့ကချိပ်ပိတ်ထားကာ ပိုင်ရှင်ဖြစ်သူကို ဖမ်းမိနိုင်ရေး ရှာဖွေမှုများပြုလုပ်နေသကဲ့သို့ အစားအသောက်ဘေးကင်မှုဆိုင်ရာ ဥပဒေများအရလည်းအမှုဖွင့်အရေးယူထားသည်။
မသန့်စင်သောနို့ကို ကြာရှည်သောက်သုံးခြင်းသည် ကျောက်ကပ်၊ အသည်းနှင့် အစာခြေဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပြီး ယခုဖြစ်ရပ်ကြောင့် လူထုကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်စေကြောင်း ဒေသတွင်းအစားအသောက်ဘေးကင်းမှုဆိုင်ရာဌာနက အသိပေးထားသည်။

image