တရားဝင်မဲရလဒ်များအရ တာကာအိချိ၏ပါတီ အင်အားကြီး လူများစုနေရာရ
တနင်္ဂ‌နွေနေ့က ကျင်းပခဲ့သော ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က အမတ်နေရာ ၃၁၅ နေရာ အနိုင်ရရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်သည့် ရလဒ်များက အတည်ပြုခဲ့ပြီးနောက် LDP က လွှတ်တော်သုံးပုံနှစ်ပုံ လူများစုနေရာ ကို ရရှိသွားခဲ့သည်။
ယင်းရလဒ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံ ရေးကို လွှမ်းမိုးထားခဲ့ပြီး အစိုးရပေါင်းများစွာကို ဦးဆောင် ခဲ့သော ပါတီ၏ သမိုင်းတွင် အကောင်းဆုံးရလဒ်ဖြစ်ရာ ဂျပန်၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်တာကာအိချိကလည်း လာမည့်လေးနှစ်တွင် ၁၂၃ သန်းသော ဂျပန်ပြည်သူများအပေါ် ၎င်း၏ အမှတ်တံဆိပ် ခပ်နှိပ်ခွင့်ရသွားခဲ့သည်။
LDP ပါတီ၏ မဟာမိတ် ဂျပန်တီထွင်ဆန်းသစ်ရေးပါတီ (JIP) ကလည်း အမတ်နေရာ ၃၆ နေရာ အနိုင်ရရှိခဲ့သဖြင့် အာဏာရမဟာမိတ်အဖွဲ့သည် အမတ် ၄၆၅ နေရာ ရှိသော အောက်လွှတ်တော်တွင် နေရာ ၃၅၁ နေရာကို ပိုင်ဆိုင် ထားကြသည်။
ယခင်လွှတ်တော်တွင် LDP က ၁၉၈ နေရာနှင့် JIP ပါတီ က ၃၄ နေရာသာ ရရှိထားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်မှုများကို ဆန့်ကျင်သော Sanseito ပါတီ က ယခင် အမတ်နေရာ နှစ်နေရာ မှ ၁၅ နေရာအထိ တိုးတက်အနိုင်ရရှိခဲ့သည်။
ယင်းလူများစုနေရာကြောင့်ပင် အခြေခံဥပဒေကိုပြောင်း လဲရန် ကြိုးစားခြင်းကဲ့သို့ ရှုပ်ထွေးသော လုပ်ငန်းများကို တာကာအိချိက အားထုတ်နိုင်ရန်လည်း အခွင့်အရေးပေးထားသည်။
ထိုကိစ္စမှာလည်း ၎င်းက ဆောင်ရွက်လိုသော အကြောင်း အရာဖြစ်သည်ဟု တာကာအိချိက အချက်ပြထားသည်။
“ဂျပန်ကို ပိုပြီးအင်အားတောင့်တင်းအောင် ၊ ပိုပြီး ကြီးပွားတိုးတက်အောင် လုပ်ဖို့အတွက် ကြီးလေးတဲ့ တာဝန် ကြီးရဲ့အစပဲဖြစ်ပါတယ်။ ကြီးမားတဲ့ မူဝါဒ‌ပြောင်းလဲမှုလုပ်ဖို့ အရေးပေါ်လိုအပ်ချက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ ပန် ကြားချက်အပေါ် ပြည်သူလူထုက နားလည်မှုနဲ့ ကရုဏာပြသခဲ့တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု လူငယ်များကြား အိုင်ဒေါ တစ်ဦးကဲ့သို့ ရေပန်းစားနေသည့် အသက် ၆၄ နှစ်အရွယ် တာကာအိချိက ပြောသည်။

image