ဆီဘောက်ဆာယာဉ်အတွင်း သန့်ရှင်းရေးလုပ်သူအမျိုးသားနှစ်ဦး အောက်ဆီဂျင်ပြတ်သေဆုံး
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်) ညနေ ၆ နာရီ ၁၂ မိနစ်တွင် ဆီဘောက်ဆာယာဉ် သိုလှောင်ကန်အတွင်း အမျိုးသားနှစ်ဦး သန့်ရှင်းရေးဝင်လုပ်စဉ် အောက်ဆီဂျင်ပြတ်သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းထံမှ သိရသည်။
မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီးမြို့ရှောင်လမ်းရှိ ဂါလံ ၇၅၀၀ ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း အမျိုးသားနှစ်ဦးလဲကျနေသည်ကို သတင်းရရှိသဖြင့် ဆေးရုံပို့ဆောင်ပေးခဲ့ရကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။
"ဆေးရုံရောက်မှ သေဆုံးသွားတာ။ သေဆုံးတဲ့ အမျိုးသားနှစ်ယောက်က ဆီဆိုင်က ဝန်ထမ်းတော့မဟုတ်ဘူး။ ကျွန်တော်ကြားရတာတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်လို့တော့ သိရတယ်"ဟု ၎င်းက ဆိုသည်။
၎င်းတို့နှစ်ဦးအား မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်ရှိပြီး ညနေ ၆ နာရီ ၅၅ မိနစ်တွင် သေဆုံးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဂါလန်(၇၅၀၀)ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးများအား ကျား(၂)ဦး ရှင်းလင်းရေးလုပ်ရာမှ အောက်စီဂျင်ပြတ်၍ သတိမေ့နေကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ် မီးသတ်စခန်း မှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲံက သတင်းထုတ်ပြန်ထားသည်။

image