သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကိုထုတ်ပြန်
အာဆီယံဒေသတွင်းနိုင်ငံများ၏ Post - Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံအသီးသီးမှ တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၂၉) မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အလှကုန်ပစ္စည်း (၂၉) မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်ခြင်း၊ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်များ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးထားသည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်နှင့် Online Shopping ဖြင့် ရောင်းချသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်း မရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိကြောင်း သိရသည်။

image