Naypyitaw State Academy ၏ လူဦးရေ(၁၂၀၄)ဦးဆံ့ ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံးခန်းမ)အား နိုင်ငံ တော် ယာယီသမ္မတဖွင့်လှစ်ပေး
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy ၏ လူဦးရေ(၁၂၀၄)ဦးဆံ့ (ဘွဲ့နှင်းသဘင်ခန်းမ)ဘက်စုံသုံးခန်းမကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းက နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ တိုင်းရင်းသားရိုးရာအစားအစာရောင်းချပွဲတွင် ခင်းကျင်းပြသထားမှုများအားကြည့်ရှုအားပေးပြီး Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံးခန်းမ)ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့အတူ ကော်မရှင်ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ချောချောစိန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်တို့မှလည်းဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံး ခန်း မ)အတွင်းကြည့်ရှုကာမှာကြားမှုများပြုလုပ်ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ)အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် အလုပ်အကိုင်အခွင့်အလမ်းပြခန်းများအားကြည့်ရှုခဲ့သည်။
Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမအဆောက်အအုံသည် အလျား(၃၀၂) ပေ၊ အနံ(၂၁၈)ပေရှိကာ စုစုပေါင်းစတုရန်းပေ(၁၆၇,၀၀၀)ကျော်ရှိ (၃)ထပ်သံကူကွန်ကရစ်အဆောက်အအုံဖြစ်ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားများကျင်းပနိုင်ရန်သာမက အခြားသောအခမ်းအနားများနှင့် ဖျော်ဖြေတင်ဆက်မှုများကျင်းပနိုင်ရန်ရည်ရွယ်၍ လူဦးရေ(၁၂၀၄)ဦးဆံ့ ဘက်စုံသုံးခန်းမကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။