7 ပတ် - ဘာသာပြန်ပါ။

စလင်း၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူတို့အတွင်း ကြက်သွန်နီစိုက်ပျိုးမှုလျော့ကျလာ
ယခုနှစ် ကြက်သွန်စိုက်ရာသီတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ စလင်း၊ ဆင်ဖြူကျွန်းနှင့် ဆိပ်ဖြူတို့အတွင်း စိုက်ပျိုးမှုလျော့ကျလာကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။
အခြေအနေမတည်ငြိမ်မှုအပါအဝင် ပျိုးပင်ဈေးနှုန်းများမြင့်တက်ကာ ဝယ်ယူရခက်ခဲမှု၊ ယမန်နှစ်က ထွက်ရှိခဲ့သည့် ကြက်သွန်များပင် လက်ရှိအချိန်အထိရောင်းချနိုင်ခြင်းမရှိမှု စသည့်အခက်အခဲများကြောင့် စိုက်ပျိုးမှုများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကြက်သွန်က အရင်လိုမစိုက်နိုင်ဘူး။ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတာရယ်၊ ပျိုးပင်ဈေးတွေက ခေါင်ခိုက်နေတာရယ်ကြောင့်။ ပြီးခဲ့တဲ့နှစ်က ကြက်သွန်တွေဆို မရောင်းရသေးဘူး။ အဲဒါကြောင့် စိုက်တာနည်းသွားတယ်။ ဘယ်သူမှလည်းမစိုက်နိုင်ကြတော့ဘူး" ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
လက်ရှိအချိန်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူမြို့နယ်များမှ ကျေးရွာအများစုမှာ နယ်မြေအခြေအနေအရ ယာယီရွှေ့ပြောင်းနေထိုင်ရခြင်းများရှိပြီး အခြားသီးနှံစိုက်ပျိုးရေးလုပ်ငန်းများလည်း လုပ်ကိုင်နိုင်မှုနည်းပါးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မန္တလေး၊ မကွေး၊ စစ် ကိုင်းတိုင်းရှိ စိုက်ဧကတစ်သန်းကျော်တွင် စိုက်ပျိုး ထုတ်လုပ်ပြီး ထွက်ရှိလာသည့်ကြက်သွန်နီကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံ အချို့ကိုလည်း တင်ပို့ရောင်းချကြောင်း သိရသည်။

image