မန်စီးတီးကို ကူညီရေး ကိုယ့်ကိုယ်ကို ဖိအားပေးနေတဲ့ အာလင်းဟာလန်း
======================
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အာလင်းဟာလန်းမှာ အသင်းကို ကူညီနိုင်ရေးအတွက် ဆက်တိုက်ဂိုးသွင်းနိုင်ရေး ကိုယ့်ကိုယ်ကို ဖိအားပေးနေကြောင်း ပြောကြားလာပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်တွင် ဒေါ့မွန်မှ ပေါင် ၅၂.၁ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် မန်စီးတီးတွင် ဂိုးများတောက်လျှောက်သွင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ မန်စီးတီး ပထမဆုံးရာသီတွင် ၅၂ ဂိုးအထိ သွင်းကာ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ ရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးဟာ ယခုရာသီတွင်လည်း ပြိုင်ပွဲအရပ်ရပ်တွင် ၂၈ ဂိုးသွင်းထားကာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။
ဒါပေမယ့် သူဟာ မန်စီးတီးအတွက် နောက်ဆုံး ၁၁ ပွဲတွင် ၃ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
ဂွါဒီယိုလာက "သူ စိတ်အေးလက်အေးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို အရမ်းလိုအပ်နေမှန်း သိနေတော့ ကိုယ့်ကိုယ်ကို ဖိအားပေးနေတယ်။ အသင်းကို စိတ်မပျက်စေချင်ပါဘူး။ ကြီးကြီးမားမားလုပ်ပေးလိုနေတယ်။ ဂရုမစိုက်တဲ့သူထက် သူ့လို လူမျိုးကို ကျွန်တော် ပိုသဘောကျတယ်။ သူက လုံးဝဆန့်ကျင်ပါ။ သူ ဂိုးတစ်ဂိုးမသွင်းနိုင်ရင် နာကျင်ရတယ်။ မနာကျင်ပါနဲ့။ အကောင်းဆုံးလုပ်ပေးနေတာပဲလေ။ အသင်းအတွက် ပြေးပေးနေတယ်။ ကျန်တာ အရေးမပါတော့ဘူး"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့ညတွင် ဖူလ်ဟမ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး ဒီပွဲအနိုင်ရရှိပါက ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၃ မှတ်သာ ကွာဟကာ ဖိအားထပ်မံပေးလာနိုင်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအား ၆ မှတ်ဖြတ်ကာ ဦးဆောင်နေတဲ့ အာဆင်နယ်က ကြာသပတေးနေ့တွင်မှ ဘရန့်ဖို့ဒ်နှင့် ရင်ဆိုင်ကစားရပါမယ်။