ခရစ္စတီယာနိုရော်နယ်ဒိုသာ မရှိလျှင် ဆော်ဒီပရိုလိဂ်ကို ဘယ်သူမှ ကြည့်မှာ မဟုတ်ဘူးလို့ တိုနီခရူးစ် ပြောဆိုလာ
=====================
ရီးရဲလ်မက်ဒရစ်ဂန္ထဝင်တိုနီခရူးစ်က Al-Nassr တွင် သပိတ်မှောက်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုသာ ဆော်ဒီတွင် မကစားနေလျှင် ဆော်ဒီပရိုလိဂ်ကို ဘယ်သူမှ စောင့်ကြည့်မှာ မဟုတ်ဘူးလို့ ကာကွယ်ပြောဆိုလာပါတယ်။
ပေါ်တူဂီစူပါစတားဟာ အသင်းပိုင်ရှင် PIF ရဲ့ မမျှမတ ဆက်ဆံမှုအပေါ် ဒေါသထွက်ကာ Al-Nassr ရဲ့ နောက်ဆုံး ၂ ပွဲတွင် ပါဝင်မကစားဘဲ သပိတ်မှောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ယခုအပတ်တွင် Al-Nassr နှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေကာ သပိတ်မှောက်မှုအား အဆုံးသတ်လာတော့မှာလည်း ဖြစ်ပါတယ်။
A Bola သတင်းစာရဲ့ဖော်ပြလာမှုအရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့တွင် တာမင်နစ္စတန်တွင် အာကာဒစ်နှင့် ရင်ဆိုင်ရမယ့် အာရှချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားလာမှာ ဖြစ်သလို စနေနေ့ည Al-Fateh နှင့်ပွဲတွင်လည်း ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
ယခုအခါ ရီးရဲလ်မက်ဒရစ်တွင် အတူကစားခဲ့တဲ့ တိုနီခရူးစ်က "ဆော်ဒီလိဂ်က ထူးဆန်းတာ တစ်ခုပါ။ ခရစ္စတီယာနိုရော်နယ်ဒို မရောက်လာခင်တုန်းက ဘယ်သူမှ ဒီလိဂ်အကြောင်း မကြားဖူးကြဘူး။ အခု ဒီလိဂ်ကို ကမ္ဘာ့မြေပုံပေါ်တွင် တင်ပေးလာတဲ့သူ့အပေါ် မလေးမစားလုပ်လာကြတယ်။ တကယ်လို့ မနက်ဖြန် ခရစ္စတီယာနို ထွက်လာရင် ဒီလိဂ်ဟာ ဆွဲဆောင်မှုအားလုံးကို ဆုံးရှုံးလာရပါမယ်။ ရော်နယ်ဒို မရှိရင် ဘယ်သူမှ ဆော်ဒီလိဂ်ကို ကြည့်နေမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ရော်နယ်ဒိုဟာ အသင်းပိုင်ရှင် PIF ဘက်က ဆောင်းရာသီအပြောင်းအရွှေ့တွင် Al-Nassr အတွက် ကစားသမားအားလုံလောက်တဲ့ အားဖြည့်ပေးမှု မပြုလုပ်ဘဲ ပြိုင်ဘက် Al-Hilal အတွက် ဘန်ဇီးမားအား ခေါ်ယူပေးမှုအပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

image