ပါတီ အောင်မြင်မှုတွင် မဲဆန္ဒရှင်များ၏ ယုံကြည်မှုက အဓိကကျခဲ့ကြောင်း ဝန်ကြီးချုပ်အနုတင်ပြော
ရှင်းလင်းသော လုပ်နည်းလုပ်ဟန်များအပေါ် ပြည် သူလူထု၏ ယုံကြည်မှုကြောင့် ဘွန်ဂျိုင်ထိုင်းပါတီသည် နေရာဒေသအများအပြားတွင် အောင်ပွဲရခဲ့သည်ဟု ပါတီခေါင်းဆောင်နှင့် အိမ်စောင့် ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က ရွေးကောက်ပွဲကနဦး ရလဒ်များကို သိရှိပြီးနောက် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားသည်။
ဘွန်ဂျိုင်ထိုင်းပါတီသည် ယမန်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၅၀၀ ရှိသော လွှတ်တော်မှ အမတ်နေရာ ၁၉၀ ကျော်ကို အနိုင်ရရှိထားပြီး ပြိုင်ဘက် ပြည်သူ့ပါတီ၊ ဖွေထိုင်းပါတီတို့အပေါ် အပြတ်အသတ် အသာစီးရနေသဖြင့် အစိုးရဖွဲ့စည်းခွင့်ရရန် အလားအလာကောင်းနေသည်။
ဘွန်ဂျိုင်ထိုင်းပါတီသည် အမျိုးသားရေးလှိုင်းမှ အမြတ်ထွက်ခဲ့ပြီး အထူးသဖြင့် နယ်စပ်နှင့် ဆက်စပ်သော အ ကြောင်းအရာများကို မြှင့်တင်ပြောဆိုခဲ့ခြင်းသည် ပါတီအောင်ပွဲရသည့် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း လေ့ လာသူများ၏ သုံးသပ်မှုကို တုံ့ ပြန်ရာတွင် ၎င်းအနေဖြင့် အသေးစိတ် အချက်အလက်များနှင့် အကြောင်းအရာပေါင်းစုံကို ဂရုတစိုက် ပြန်ကြည့်ရဦးမည်ဟု အနုတင်က ပြောသည်။
အစိုးရသစ် ဖွဲ့စည်းရာတွင်လည်း အရာအားလုံးကို တရားဥပဒေလုပ်ငန်းစဉ်၊ အခြေခံဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ရွေးကောက်ပွဲကော်မရှင်က တရားဝင်ရလဒ်များကို မကြေညာသေးသောကြောင့်လည်း ပါတီတစ်ခုချင်းစီက အနိုင်ရသည့် လွှတ်တော်အမတ် အရေအတွက်မှာ သဲသဲကွဲကွဲ မရှိသေးပေ။
ထို့ပြင် မဲဆန္ဒနယ်များတွင် ပြဿနာများ သို့မဟုတ် ကန့် သတ်မှုများ ရှိခဲ့သည်လား ဆိုသည်မှာလည်း ရှင်းရှင်း လင်းလင်း မရှိသေးသောကြောင့်လည်း အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ အချိန်သတ်မှတ်ချက် ထားရှိရန် စောလွန်းနေသေးကြောင်း သိရသည်။
သို့ရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းတွင် လစ်ဟာမှုများရှိမည်ကို ပြည်သူလူထုက စိုးရိမ်စရာမလိုကြောင်း၊ အိမ် စောင့်အစိုးရ ဆက်ရှိနေပြီး တိုင်းပြည်ကို ဆက်လက်၍ အပြည့်အဝ လည်ပတ်နိုင်သောကြောင့် ဖြစ်ကြောင်း ဝန်ကြီးချုပ်အနုတင်က အလေးအနက်ပြောကြားသည်။
အစိုးရဖွဲ့စည်းနိုင်ရန် မဟာမိတ်ဖွဲ့ရေး အခြားပါတီများနှင့် ဆက်သွယ်နေပြီလား သို့မဟုတ် ဆွေးနွေးနေပြီလား ဆိုသော မေးခွန်းများကို အနုတင်က ဖြေကြားရန် ငြင်းဆိုခဲ့သော်လည်း ၎င်းအနေဖြင့် မျက်နှာစာပေါင်းစုံတွင် ရှင်း လင်းမှု လိုအပ်သည်ဟုသာ ဆိုသည်။