နိုင်ငံတော်ယာယီသမ္မတက အပ်နှင်းသည့် မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင် သီရိဇေယျကျော်တံဆိပ်ကို ဂျပန်နိုင်ငံကောင်စစ်ဝန် (၂)ဦး ရရှိ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးမြှင့်ပေးအပ်သည့် မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင် သီရိဇေယျကျော်တံဆိပ်ကို ဂျပန်နိုင်ငံကောင် စစ်ဝန် (၂)ဦး ရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် သီရိဇေယျကျော်တံဆိပ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ (၉) ရက်၌ တိုကျိုမြို့၊ မြန်မာသံရုံးရှိ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂုဏ်ထူးဆောင်တံဆိပ်ကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး၊ ဦးကျော်ထွန်းက နာဂိုယာမြို့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် ကိုဘေးမြို့ ဂုဏ် ထူးဆောင် ကောင်စစ်ဝန် Mr. Noriatsu Otomori တို့ကို ယာယီသမ္မတကြီး ကိုယ်စားပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တံဆိပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက် (အမျိုးသားနေ့)တွင် ချီးမြှင့်အပ်နှင်းခဲ့ခြင်းလည်းဖြစ် သည်။
သီရိဇေယျကျော်တံဆိပ်ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားသို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ၂ ဦးနှင့် ၎င်းတို့၏ ဇနီးများ၊ စစ်သံမှူးနှင့်ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် ဖိတ် ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။