အွန်လိုင်းစနစ်ဖြင့် ရထားလက်မှတ်ဝယ်ယူသူများပြား
လာမည့်ရုံးပိတ်ရက်များအတွက် ရထားလက်မှတ်ရောင်းချရာတွင် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသူများပြားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထားသည် ဖေဖော်ဝါရီလမှစတင်ပြီး ရထားလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့် Pilot Project အနေဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
အွန်လိုင်းမှတစ်ဆင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် ရထားခရီးစဉ်များအတွက် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းမှတစ်ဆင့် ရထားလက်မှတ်ယူခြင်းကို ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် Pilot Project အဖြစ် အမှတ် ၁၁ အဆန် နှင့် ၁၂ အစုန် ရန်ကုန်-မန္တလေးရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်များဖြစ်သည့် အမှတ် ၇ အဆန် နှင့် ၈ အစုန် ရထား ၊ အမှတ် ၃၁ အဆန် နှင့် ၃၂အစုန် ရထား ခရီးစဉ်အတွက် စတင်ရောင်းချပေးနေခြင်းဖြစ်သည်။
အွန်လိုင်းမှတစ်ဆင့် ရထားလက်မှတ်ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံးအတွက် ၇ ရက် ကြိုတင် ဝယ်ယူခြင်း ၊ ကြားဘူတာအတွက် ၃ ရက် ကြိုတင်ဝယ်ယူရမည်ဖြစ်သည်။
အွန်လိုင်းမှ ဝယ်ယူထားသည့် ရထားလက်မှတ် e-Receipt ကို ရထားမထွက်ခွာမီ ၁ နာရီအလို ကြိုတင် ပြီး သက်ဆိုင်ရာဘူတာရုံ ကောင်တာတွင် လဲလှယ်ရ မည်ဖြစ်ကြောင်း သိရသည်။