ဖူးခက်အနီးကုန်သေတ္တာတင်သင်္ဘောနစ်၊ လေ-ာင်စာဆီယိုဖိတ်မှုကိုရှင်း
မလေးရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်ခုတ်မောင်းနေသော ပနားမားအလံတင်ကုန်သင်္ဘောတစ်စင်းသည် စနေနေ့က ထိုင်းနိုင်ငံ ဖူးခက်ရှိ Laem Phromthep ကမ်းလွန် သုံးမိုင်ခန့်အကွာတွင် နစ်မြုပ်သွားခဲ့သည်။
ရေကြောင်းအာဏာပိုင်များသည် အဒ္ဒမန်ပင်လယ်ပြင်တွင် ယိုဖိတ်ခဲ့သော လောင်စာဆီများကို ဖယ်ရှားရှင်းလင်းရန် အလျင်စလိုလုပ်ဆောင်လျက်ရှိသည်။
အဆိုပါ သင်္ဘောမှ သင်္ဘောသား ၁၆ ဦးကို ကယ်တင်ပေးခဲ့ကာ ညနေပိုင်းတွင် ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုင်းအရာရှိများ၏ အဆိုအရ နစ်မြုပ်သွားသော Sealloyd Arc သင်္ဘောသည် ကွန်တိန်နာ ၂၉၇ လုံး တင်ဆောင်ထားခဲ့ပြီး ၎င်းတို့အနက် ၁၄ လုံးတွင် အန္တရာယ်ရှိသောပစ္စည်းများ ပါဝင်နေသည်ဟု ဆိုသည်။
တန်ချိန် ၄,၃၃၉ ရှိ သင်္ဘောနှင့်အတူ ကွန်တိန်နာအားလုံး နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
ဝေဟင်မှ တိုင်းတာစစ်ဆေးချက်အရ အလျား ၄ ဒဿမ ၅ မိုင်ခန့်နှင့် အနံတစ်မိုင်ခန့်ရှိ ဧရိယာ၌ ရေနံယိုဖိတ်မှုကို စစ်ဆေးတွေ့ရှိထားသော်လည်း ဖူးခက်ကမ်းရိုးတန်းတလျှောက်တွင် ယိုဖိတ်ထားသောရေနံပြင်မတွေ့ရှိရဟု ဆိုသည်။
အဆိုပါဖြစ်ရပ်ကို သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်လာနိုင်ပြီး ရေကြောင်းသွားလာမှုအတွက် အန္တရာယ်ရှိလာနိုင်သော ကြီးမားသည့်အခြေအနေတစ်ရပ်အဖြစ် ထိုင်းအာဏာပိုင်များက သတ်မှတ်ခဲ့သည်။
ဖြစ်ရပ်ကို စီမံခန့်ခွဲရန်နှင့် ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ရေးအတွက် တနင်္ဂနွေနေ့တွင် ကွပ်ကဲရေးဌာနတစ်ခု ထူထောင်ခဲ့သည်။