ဆံတော်ရှင် မြတ်မော်တင်စွန်း ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်သို့ လာရောက် ဖူးမြော်နိုင်ရန် ရေလမ်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်မှု ခရီးစဉ်များ စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်သို့ လာရောက်ဖူးမြော်နိုင်ရန်အတွက် ရေလမ်း၊ ကုန်းလမ်း ခရီးစဉ်များကို အဆင်ပြေအောင်စီစဉ်ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်၍ ပြေးဆွဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ (တပေါင်းလဆန်း ၁ ရက်နေ့) မှ မတ် ၂ ရက်နေ့ (တပေါင်းလပြည့်နေ့) အထိ ၁၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်မည့် ဘုရားဖူးများ အဆင်ပြေစေရန်အတွက် ရေကြောင်းခရီးစဉ်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်၍ ပုသိမ်မြို့ရှိ ဆိပ်ကမ်းတံတား၊ ဈေးချောင်းတံတား၊ အမှတ် (၂) တံတားတို့မှ ညနေ ၅ နာရီခွဲတွင် ၂ စီး၊ ညနေ ၆ နာရီတွင် ၂ စီး၊ ၆ နာရီခွဲတွင် ၂ စီးနှင့် ည ၈ နာရီတွင် ၂ စီး၊ စုစုပေါင်း သင်္ဘော ၈ စီးတို့ဖြင့် နေ့စဉ် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အလားတူ မြတ်မော်တင်စွန်း (ခမောက်မော်) နှင့် ကျောက်ချောင်းကြီးမှ ပုသိမ်မြို့သို့ ညနေ ၅ နာရီခွဲတွင် ၂ စီး၊ ညနေ ၆ နာရီတွင် ၂ စီး၊ ညနေ ၆ နာရီခွဲတွင် ၂ စီးနှင့် ည ၇ နာရီတွင် ၂ စီးတို့ကိုလည်း ပုံမှန်ပြေးဆွဲ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကာ ရေယာဉ်ခများအနေဖြင့် လူတစ်ဦးလျှင် ၁၂,၀၀၀ ကျပ်၊ အိပ်ခန်း (ရိုးရိုး) ၄၀,၀၀၀ ကျပ်၊ အိပ်ခန်း (အဲယားကွန်း) ၄၅,၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
ထို့အတူ ကုန်းလမ်းခရီးစဉ်ကိုလည်း နေ့စဉ် မှန်လုံယာဉ်များဖြင့် ပုသိမ်မြို့မှ မြတ်မော်တင်စွန်း (ရင်ပြင်တော်) အနီးသို့ နံနက် ၁၀ နာရီခွဲ၊ နံနက် ၁၁ နာရီ၊ မွန်းတည့် ၁၂ နာရီတို့တွင် ခရီးသည်တစ်ဦးလျှင် ကျပ် ၁၅,၀၀၀ ဖြင့် မြို့မကားဂိတ်၊ မြဇင်ယော်ကားဂိတ်၊ မြတ်ကောင်းကင်ကားဂိတ်များမှ ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် မြတ်မော်တင်စွန်းမှ ပုသိမ်မြို့သို့ နေ့စဉ် နံနက် ၄ နာရီ၊ နံနက် ၄ နာရီခွဲအချိန်တို့မှာ ပြေးဆွဲဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image