အခြေခံပညာအဆင့် ကျောင်းသား ၆၀၀၀ ကျော် ပါဝင်သော အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲ အာကာသပြတိုက် (ရန်ကုန်) ၌ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက် (ရန်ကုန်) တို့က ကြီးမှူးကာ အခြေခံပညာအဆင့် ပြိုင်ပွဲဝင်ကျောင်းသား ၆၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်) ၌ ဖေဖော်ဝါရီ (၂၇) ရက်မှ မတ် (၁) ရက်ထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမည့်အပြင် ပါဝင်ယှဉ်ပြိုင်သူအားလုံးကို Certificate များ၊ အမှတ်တရလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။
အခြေခံပညာမူလတန်းအဆင့် ဆုရရှိသူများကို ပထမဆု (၅) သိန်းကျပ်၊ ဒုတိယဆု (၄) သိန်းကျပ်၊ တတိယဆု (၃) သိန်းကျပ်၊ အထူးဆု (၂) သိန်းကျပ် စီဖြင့် ၁၀ ဆု၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမဆု (၇) သိန်းကျပ်၊ ဒုတိယဆု (၆) သိန်းကျပ်၊ တတိယဆု (၅) သိန်းကျပ်၊ အထူးဆု (၃) သိန်းကျပ် စီဖြင့် (၁၀)ဆု၊ အခြေခံပညာ အထက်တန်းအဆင့်ဆုရရှိသူများကို ပထမဆု (၁၀) သိန်းကျပ်၊ ဒုတိယဆု (၉) သိန်းကျပ်၊ တတိယဆု (၈) သိန်းကျပ်၊ အထူးဆု (၅) သိန်းကျပ်စီဖြင့် (၁၀)ဆု ချီးမြှင့်သွားမည် ဖြစ်‌ကြောင်းသိရသည်။
ပြိုင်ပွဲအား ဖေဖော်ဝါရီ (၂၇) ရက်တွင် အခြေခံပညာအထက်တန်းအဆင့်၊ ဖေဖော်ဝါရီ (၂၈) ရက်တွင် အခြေခံပညာမူလတန်းအဆင့် နှင့် မတ် (၁) ရက်တွင် အခြေခံပညာအလယ်တန်းအဆင့်တို့မှ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် (၄) ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။
ပန်းချီပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲကို နံနက် ၈ နာရီမှ ၁၁ နာရီထိလည်းကောင်း၊ ကာတွန်းပြိုင်ပွဲကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ သတ်မှတ်ထားပြီး အခြေခံပညာ မူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း ၊ အခြေခံပညာအလယ်တန်းဆင့်အတွက် စူးစမ်းလေ့လာအာကာသကမ္ဘာနှင့် အခြေခံပညာအထက်တန်းအဆင့်အတွက်အနာဂတ် အာကာသနည်းပညာ ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား/သူများအနေဖြင့် သက်ဆိုင်ရာကျောင်းများမှတဆင့် စာရင်းပေးသွင်းလျှောက်ထားနိုင်ပြီး ဖေဖော်ဝါရီ (၁၉) ရက်တွင် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

image