ရိုးမားသို့ နည်းစနစ်ဒါရိုက်တာအဖြစ် ပြန်လည်ရောက်လာဖို့ ရှိနေတဲ့ ဂန္ထဝင်တော့တီ
======================
ရိုးမားဟာ ဂန္ထဝင်ကစားသမားဖရန်ဆစ္စကိုတော့တီအား နည်းစနစ်ဒါရိုက်တာရာထူးအတွက် ကမ်းလှမ်းရန် စီစဉ်နေကြောင်း Corriere dello Sport ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ရိုးမားပိုင်ရှင်များဟာ ဂန္ထဝင်အသင်းခေါင်းဆောင်အား အသင်းသို့ တကျော့ပြန်လာရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
တော့တီဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ရိုးမားတွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း ယခင်ပိုင်ရှင်ဂျိမ်းစ်ပယ်လော့တာလက်ထက် ၂၀၁၉ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။
ဒါပေမယ့် ယနေ့တွင် Corriere dello Sport ရဲ့ ဖော်ပြလာမှုအရ ရိုးမားဟာ တော့တီအား နည်းစနစ်ဒါရိုက်တာရာထူးအတွက် ကမ်းလှမ်းလာမှာ ဖြစ်ကြောင်း သိရပါတယ်။
သူဟာ အားကစားဒါရိုက်တာဖရီဒရစ်မာဆာရာရဲ့လက်အောက်တွင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပေမယ့်လည်း အဝတ်အစားလဲခန်းအတွင်း အသင်းရဲ့ စိတ်ဓာတ်ကို ဖော်ပြရေး အခွင့်အာဏာရရှိလာပါမယ်။
ယခုအပတ်အစောပိုင်းတုန်းက ရိုးမားအကြံပေးကလော်ဒီယိုရေနီယာရီက ကလပ်ပိုင်ရှင်များမှာ တော့တီကို အသင်းသို့ တကျော့ပြန်လာရေး ကမ်းလှမ်းမှု ပြုလုပ်ရန် စဉ်းစားနေကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက အသင်းပိုင်ရှင်များရဲ့ ဖိတ်ကြားမှုအရ စတုဂတ်အား ၂-၀ ဖြင့် အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိုလံပီကိုကွင်းသို့ ကိုယ်တိုင်လာရောက်ခဲ့ပါတယ်။

image