ထိုင်းသုံးပွင့်ဆိုင် ရွေးကောက်ပွဲ မည်သူမျှ အမတ်နေရာအများစုမရနိုင်
ထိုင်းနိုင်ငံတွင် ရှေးရိုးစွဲပါတီ၊ တိုးတက်သောပါတီနှင့် လူကြိုက်များသော ပါတီတို့ အကြား သုံးပွင့်ဆိုင်တိုက်ပွဲအဖြစ် သတ်မှတ်ထားသော အထွေထွေရွေးကောက်ပွဲအတွက် တနင်္ဂနွေနေ့တွင် မဲရုံများ ကိုဖွင့်လှစ်ခဲ့သည်။ မည်သည့်ပါတီမျှ အစိုးရဖွဲ့နိုင်လောက်သည့် အမတ် နေရာ အများစုကိုအနိုင် ရဖွယ်မရှိဟု ခန့်မှန်းထားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်ပဋိပက္ခပြင်းထန်နေချိန်တွင် ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အတွက် ဒီဇင်ဘာလလယ်တွင် စီစဉ်ပေးခဲ့ပြီး ယင်းသို့ ပြုလုပ်ခြင်းမှာ အမျိုးသားရေးဝါဒအရှိန်မြင့်တက်နေမှုကို အခွင့်ကောင်းယူရန် ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်က အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
သမီးဖြစ်သူ ရာထူးမှဖယ်ရှားခံရပြီးနောက် ရက်အနည်းငယ်အကြာတွင် ထောင်ဒဏ်ကျခံခဲ့သော ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ထောက်ခံမှုဖြင့် ဖြူထိုင်းပါတီသည် ထောက်ခံမှုလျော့ကျသွားသော်လည်း ပြိုင်ပွဲမှ ထွက်သွားရခြင်းမရှိသေးကြောင်း စစ်တမ်းများအရ သိရသည်။
သို့သော် အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံကို ဖွဲ့စည်းပုံပြောင်းလဲရန်နှင့် ပြုပြင်ပြောင်းလဲမှုများလုပ်ရန် ဟူ သော သတမဲဆွယ်စကားဖြင့် တိုးတက်သော ပြည်သူ့ပါတီသည် ရွေးကောက်ပွဲကာလအတွင်း သဘောထားစစ်တမ်းများတွင် တောက်လျှောက်ဦးဆောင်နေခဲ့သည်။
ထိုင်းမဲဆန္ဒရှင်များအနေဖြင့် မဲပေးနေစဉ်အတွင်း ၂၀၁၇ ခုနှစ် ပဋိဉာဉ်စာတမ်းကို ဖွဲ့စည်းပုံအသစ်တစ်ခုဖြင့် အစားထိုးသင့်မသင့်ကို ဆုံးဖြတ်ရန်လည်း ဆန္ဒပြုရမည်ဖြစ်သည်။
၁၉၃၂ ခုနှစ်တွင် အာဏာရှင်စနစ် အဆုံးသတ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခု ၂၀ ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုများပြီးနောက်ပိုင်း၌ ဖွဲ့စည်းပုံ ပြောင်းလဲမှုများ အများစုဖြစ်ခဲ့သည်။
မဲဆန္ဒရှင်များသည် နိုင်ငံတော်ပဋိပဉာဉ်စာတမ်းအသစ် ရေးဆွဲရေးကို ထောက်ခံခဲ့ပါက အစိုးရသစ်နှင့် ဥပဒေပြုအမတ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုရန် နောက်ထပ် ဆန္ဒခံယူပွဲနှစ်ကြိမ်ဖြင့် လွှတ်တော်တွင် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို စတင်ရမည်ဖြစ်သည်။