1 ပတ် - ဘာသာပြန်ပါ။

ဖားကန့်မြို့ တပ်မကုန်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ ထိခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့ တပ်မကုန်းအနီး မြို့ခံအခေါ် ကလပ်ကုန်းရပ်ကွက်မှာ ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်က လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတ‌​ယောက်နဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ဒီမနက် ဆယ်နာရီကျော်လောက်က လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲတယ်။ အသက် ၅၀ ကျော် အရွယ် အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ထိသွားတယ်။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ နှစ်ယောက်က ဖားကန့် ကလပ်ကုန်းမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖားကန့်မြို့ နဲ့ မြို့အနီးဝန်းကျင်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ တို့ အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဖြစ်နေတာ တပတ်ခန့်ရှိပြီလို့ ဆိုပါတယ်။
"ဖားကန့်မှာက ဇန်နဝါရီ ၃၀ ရက်နေ့ကစ တကျော့ တိုက်ပွဲ ပြန်ဖြစ်လာတာပါ။ နှစ်ဖက် ပစ်ခတ်မှု အကြား ဒေသခံတွေ ထိခိုက်ရပါတယ်" လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
ဒေသခံတွေ အနေနဲ့ ကြာရှည် စစ်မရှောင်နိုင်တော့တာကြောင့် ကိုယ့်အိမ်မှာ ကိုယ်နေကြရတဲ့အတွက် ထိခိုက်ကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ကာလီချောင်ရွာနဲ့ အမှိုက်ပုံရွာဘက် လက်နက်ကြီးကျလို့ ဒေသခံ ၂ ယောက်သေဆုံးပြီး ၁၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါ​သေးတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကိင်ခန့်ကလည်း စာမေးပွဲ ရှိနေတဲ့ စာသင်ကျောင်းမှာ လက်နက်ကြီးကျလို့ Grade 4 ကျောင်းသူ တယောက်နဲ့ ကျောင်းသား တယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

image