1 ပတ် - ဘာသာပြန်ပါ။

ငွေထုတ်ယူမှုကန့်သတ်ချက်ကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်မရဖြစ်နေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်ယူလို့မရ ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဘဏ်အပ်ငွေတွေနဲ့ တခြားက လွှဲပြောင်းငွေကို ဘဏ်တွေမှာ သွားရောက် ထုတ်ယူတဲ့အခါ တလုံးတခဲတည်း ထုတ်ယူလို့မရတော့ဘဲ ကျပ်သိန်း ဆယ်ဂဏန်းဝန်းကျင်လောက်သာ ထုတ်ခွင့်ရနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“အခုလို ဖြစ်နေတာကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဖြစ်နေတာ။ ဘဏ်ပေါ်မူတည်ပြီး တရက်ကို သိန်း ၅၀ ၊ သိန်း ၂၀၊ ၁၀ သိန်း ထုတ်ပေးတဲ့ဘဏ်လည်း ရှိတယ်။ တချို့ ဘဏ်တွေဆို ငါးသိန်းလောက်ပဲ ရတယ်။ အခုလိုတွေ ဖြစ်နေတော့ လက်လီ၊ လက်ကားတွေကို ငွေပေးချေဖို့ ခက်သွားပြီလေ။ ပွဲရုံတွေ၊ ဒိုင်တွေက ရောင်းသူ၊ ဝယ်သူကို ဆယ်ဂဏန်းကနေ စပြီး ရာဂဏန်းအထိ ပေးချေရတာတွေရှိတော့ အဆင်မပြေကြတော့ဘူး။ လုပ်ငန်းတွေအကုန် နှောင့်နှေးကုန်တာပေါ့” လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ဘဏ်တွေကနေ ငွေထုတ်ယူမှု ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့် စပါယ်ရှယ် ဘဏ်အကောင့်တွေ ဖွင့်ပါက နေ့တိုင်း ငွေထုတ်ယူနိုင်တဲ့ စနစ်ကို ဘဏ်တွေက ပြောင်းလဲခဲ့ပေမယ့် လက်ရှိမှာ အဲဒီအကောင့်တွေကပါ ငွေထုတ်ယူမှု ခက်ခဲလာတာ ဖြစ်တယ်လို့ သိရပါတယ်။
“ပထမအကောင့်က ငွေလိုသလို ထုတ်မရလို့ စပါယ်ရှယ်အကောင့် ဖွင့်ခိုင်းတယ်။ လိုသလောက် ထုတ် ရမယ်၊ ကန့်သတ်ချက် မရှိဘူးတဲ့။ အခုတော့ အထူးစပါယ်ရှယ်အကောင့် ထပ်ဖွင့်ခိုင်းကြဦးမှာလား မပြောတတ်ဘူး။ လူထုက ဘဏ်တွေအပေါ် ယုံကြည်မှု နည်းသထက်နည်းလာအောင်၊ ငွေမသွင်းရဲအောင် လုပ်နေတာ” လို့ နောက်ထပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
အခုလို ဘဏ်တွေမှာ ငွေထုတ်ယူမှု ကန့်သတ်လိုက်တာဟာ ဒေါ်လာ၊ ရွှေ အစရှိတဲ့နေရာတွေကို ငွေကြေးတွေ မရောက်ရှိစေဖို့ ‌ထိန်းကျောင်းနေတာ ဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ အသိပညာမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
“တိုင်းပြည်ရဲ့ Production ပိုင်းကိုသွားတဲ့ ငွေထုတ်တာကို အားပေးတယ်။ မကန့်သတ်ဘူး။ မဟုတ်တဲ့ စျေးကစားတဲ့နေရာတွေ ဒေါ်လာ၊ ရွှေတို့ဆီ ရောက်သွားပြီဆိုလို့ရှိရင် တိုင်းပြည်အတွက်ကို အားမပေးဘဲနဲ့ တခြား Impact တွေ အများကြီးရှိလာတယ်။ စျေးကစားတဲ့ အပိုင်းတွေ ရှိလာတယ်။ Inflation Impact တွေ ရှိလာတဲ့အတွက်ကြောင့် ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ထိန်းကျောင်းနေခြင်း ဖြစ်ပါတယ်” လို့ ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
ဒါအပြင် Monetary Policy အရလည်း အမြဲတမ်း စောင့်ကြည့်နေသလို ငွေလဲနှုန်းကိုလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့နှုန်းကို ရောက်ရှိအောင် ထိန်းကျောင်းနေတယ်လို့ ဆိုပါတယ်။
“ဘဏ်တွေကနေပြီးတော့မှ Depositor ရဲ့ Money Liquidity ဖြစ်လား။ ဗဟိုဘဏ်မှာ သီးသန့်ငွေရှိတယ်။ Depositor Money အချိန်မရွေး ထုတ်ပေးနိုင်တယ်။ ဒီနေရာမှာ တခါတည်း သီးသန့် ပြောချင်တာက ကျွန်မတို့ရဲ့ ပေါ်လစီ Direction ကို အမြဲတမ်း စောင့်ကြည့်နေတယ်။ ပြည်သူလူထု ပိုက်ဆံတွေ မဆုံးပါဘူး။ ဘဏ်တွေကိုရော ဗဟိုဘဏ်က အမြဲတမ်း ပြည်သူလူထု အကျိုးအတွက် စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် စိုးရိမ်ပြီးတော့မှ ငွေထုတ်တာတွေ လုံးဝမရှိပါနဲ့။ စိုးရိမ်ပြီးတော့ ငွေထုတ်ဖို့ မလိုဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။
ဘဏ်တွေအနေနဲ့ ငွေသား Cash ကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်ဖို့အတွက် တဖက်မှာလည်း ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ Account Transfer ၊ ဒစ်ဂျစ်တယ် ငွေကြေးတွေကို အသုံးပြုစေချင်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စီးပွားရေး၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်ကတော့ ငွေသားထုတ်တာကို ထိန်းချုပ်ချင်ရင် ဘဏ်နဲ့ပေးချေစနစ် (Banking, Kpay, AYA Pay, CB Pay) အစရှိတဲ့ Pay တွေနဲ့ ပေးချေတာကို ဆိုင်ကြီးတွေ၊ ဒိုင်ကြီးတွေ၊ ကုန်စျေးဆိုင် ကြီး/ငယ်တွေ အားလုံးကို မဖြစ်မနေ လက်ခံအောင် လုပ်ပေးရမှာဖြစ်ပြီး လက်မခံတဲ့ဆိုင်ကို ထိရောက်စွာ အရေးယူ အပြစ်ပေးရမယ်လို့ ဆိုပါတယ်။
“ဘယ်သူမှ ငွေသားမကိုင်ချင်ပါဘူး။ အဲဒီဆိုင်တွေ၊ ဒိုင်တွေ၊ ကုန်တိုက်တွေ၊ စျေးဆိုင် ကြီး/ငယ်တွေ အားလုံးဟာ Pay စနစ်၊ ဘဏ်စနစ် လက်ခံလာရင် ဘဏ်တွေက ငွေတွေကို လာထုတ်ပါလို့ ပြောရင်တောင် ဘယ်သူမှ လာထုတ်ကြမှာ မဟုတ်တော့ဘူး။ လာအပ်ကြလွန်းလို့ ဘဏ်အတိုးတောင် ပေးမနိုင်ဘဲ ဖြစ်သွားမယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်စျေးဆိုင် ကြီး/ငယ်မဆို အသေးဖွဲ ပေးချေမှုတွေကလွဲပြီး ဘယ်ပေးချေမှုမျိုးကိုမဆို Banking စနစ်၊ Pay စနစ်တွေနဲ့ လက်ခံလာအောင် ကြပ်မတ်ထိန်းကျောင်း၊ အရေးယူ အပြစ်ပေးတာမျိုး လုပ်သင့်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့ ပုဂ္ဂလိက ဘဏ်တခုရဲ့ တာဝန်ရှိသူကို VOM က ဆက်သွယ် မေးမြန်းရာမှာတော့ ဘဏ်ရဲ့ဝင်ငွေနဲ့ ငွေထုတ်ယူသူ လူအနည်းအများပေါ် မူတည်ပြီး ငွေကြေးပမာဏကို ထိန်းညှိ ထုတ်ပေးနေတာ ဖြစ်တယ်လို့ ပြောပါတယ်။
“တခါတရံကျရင်လည်း တယောက်ကို သိန်း ၅၀ အထိ ထုတ်ပေးနိုင်တဲ့ရက်တွေ ရှိသလို တယောက်ကို ၁၀ သိန်းလောက်ပဲ ထုတ်ပေးလို့ရတဲ့ ရက်တွေလည်း ရှိတယ်။ ငွေထုတ်တဲ့သူ အရမ်းများတဲ့ ရက်တွေဆိုရင်တော့ ပမာဏ ပိုနည်းသွားနိုင်တယ်ပေါ့။ အဓိက ကတော့ ဘဏ်ပြိုလဲမှု မရှိအောင် အကန့်အသတ်တွေနဲ့ ထိန်းကျောင်းထားတဲ့ သဘောပါ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေဟာ ဘဏ်တခုချင်းစီရဲ့ ငွေကြေးပေါ်လစီအရ ဘဏ်ခွဲတခုစီမှာ ထုတ်ယူနိုင်တဲ့ ငွေပမာဏ သတ်မှတ်ချက်အတိုင်း ငွေထုတ်ပေးနေတာဖြစ်ပြီး တယောက်ကို ဘယ်လောက် ထုတ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိပေမယ့် ငွေထုတ်ယူသူတွေ များလာတဲ့ ရက်တွေမှာတော့ လူတိုင်း ငွေထုတ်နိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

image