မန္တလေး - မိုးကုတ် လမ်းမကြီးပွင့်သွားပြီး နေ့ချင်းခရီးရောက်ပေမယ့် ကားခတွေ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေး
မန္တလေး - သပိတ်ကျင်း - မိုးကုတ်လမ်းမကြီး ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် မန္တလေး - မိုးကုတ် ကားခတွေက အမြင့်ဆုံး တသိန်းကျပ် ၊ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေးတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
လက်ရှိမှာ မန္တလေး - မိုးကုတ်ခရီးစဥ်အတွက် တကြောင်းကို ကားအမျိုးအစားပေါ်လိုက်ပြီး ရှေ့ခေါင်းခန်းကနေ လိုက်ပါစီးနင်းမယ် ဆိုပါက ရှစ်သောင်း ၊ တသိန်း ၊ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေးပြီး နောက်ခန်းကနေ လိုက်ပါက ရှစ်သောင်းကျပ် ၊ ငါးသောင်းကျပ် စျေးပေါက်နေသေးတယ်လို့ သိရပါတယ်။
" လူလေးယောက်ပဲ ဆံ့တဲ့ Van အိမ်စီးကားလေးတွေကျတော့ လေးယောက်ရှိတာနဲ့ ထွက််တယ်။ အဲဒါတွေက ကားခကလည်း များတယ်။ တသိန်း ၊ တသိန်းသုံးသောင်းရှိတယ်။ လူရှစ်ယောက်လောက် စီးလို့ရတဲ့ကားကတော့ ရှစ်သောင်းတို့ ငါးသောင်းတို့ပဲရှိတော့တယ်။ ရှေ့ခန်းက စျေးပိုတယ်။ နောက်ခန်းက စျေးနည်းတယ် ။ ကားခတွေက အရင်ကထက်တော့ ကျပါတယ်။ဒါပေမယ့် အိမ်စီးကားတွေကျတော့ တသိန်း ၊ တသိန်းသုံးသောင်း ဆိုတာတွေက စျေးများတယ်ဆိုပြီး စကားတွေ ပြောနေရတာပေါ့။ သူကလည်း လူကလေးယောက်ပဲ တင်တာကိုး ။ ခရီးကတော့ နေ့ချင်းရောက်ပါတယ်။ လမ်းကြောလည်း အဆင်ပြေပါတယ်။ " လို့ မန္တလေး - မိုးကုတ် ခရီးစဥ် ပြေးဆွဲနေသူ ကားသမားတယောက်က ပြောပါတယ်။
မိုးကုတ် - သပိတ်ကျင်း - မန္တလေးလမ်းမကြီးပွင့်သွားပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး သွားလာနိုင်တာကြောင့် ကားခတွေကို လျှော့ချပေးဖို့ ဒေသခံတွေ ပြောဆိုမှုရှိနေပါတယ်။
အရင်နယ်မြေ တည်ငြိမ်အေးချမ်းစဥ် အချိန်က မန္တလေးကနေ မိုးကုတ်ကို ခရီးစဥ်တကြောင်း အတွက် ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ဝန်းကျင်သာ စျေးရှိခဲ့တာ ဖြစ််တယ်လို့ သိရပါတယ်။
" ကားခ ၅၀၀၀၀ လောက်ဆိုရင် တော်သေးတယ်။ အခုက တသိန်း ၊ တသိန်းသုံးသောင်းထိရှိသေးတယ်။ အရင်ကလည်း အိမ်စီးကားလေးတွေနဲ့ပဲ အများဆုံးပြေးကြတာပါ။ တယောက်၂၅၀၀၀ ပဲ။ ရှေ့ခန်းဆို ၅၀၀၀ လောက်ပိုပေးရတာပဲရှိတယ်။ လမ်းကြောလည်းပွင့် အခြေအနေလည်း ကောင်းပေမယ့် စျေးက ကားအပေါ်လိုက်ပြီး ပြောင်းနေတာ။ ကားခတွေ ချပေးသင့်ပါပြီ ။အဆင်ပြေလို့ ခရီးတွေသွားနေကြတာ မဟုတ်ဘူးလေ။ " လို့ မိုးကုတ်ဒေသခံက ပြောပါတယ်။
မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီးကို အစိုးရက ပြန်လည်ထိန်းချုပ်ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီနေ့ကစပြီး မန္တလေး - သပိတ်ကျင်း - မိုးကုတ်လမ်းပိုင်းကနေ ခရီးသည်တင်ကား ၊ ကုန်စည်ပို့ဆောင်ရေး စတင်အသုံးပြုခဲ့တာ ခုဆိုရင် ရက် ၂၀ နီးပါးအထိရှိလာပြီ ဖြစ်ပါတယ်။