ဘာစီလိုနာ နုတ်ထွက်လာမှုနှင့်အတူ ဥရောပစူပါလိဂ်အတွက် ယူအီးအက်ဖ်အေအား တကိုယ်တော်တိုက်ပွဲဝင်ရတော့မယ့် ရီးရဲလ်မက်ဒရစ်
===================
လာလီဂါချန်ပီယံ ဘာစီလိုနာဟာ ဥရောပစူပါလိဂ်မှ နုတ်ထွက်လာပြီ ဖြစ်ကြောင်း တရားဝင် ကြေညာမှု ပြုလုပ်လာပါတယ်။ ကတ်တလန်ထိပ်သီးကလပ်ဟာ အငြင်းပွားဖွယ်ဥရောပစူပါလိဂ်အစီအစဉ်တွင် ပါဝင်တဲ့ အသင်း ၁၂ သင်းတွင် ပါဝင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။
ယခုအခါ ဘာစီလိုနာ နုတ်ထွက်လာမှုနှင့်အတူ ဥရောပစူပါလိဂ်စီမံကိန်းတွင် တစ်သင်းတည်းသောအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းသာ ကျန်ပါတော့တယ်။
ဥရောပစူပါလိဂ်အစီအစဉ်ကို ၂၀၂၁ ခုနှစ်မှာ ကြေညာခဲ့တာ ဖြစ်ပြီး အသင်း ၁၂ သင်း ပါဝင်ခဲ့ပါတယ်။
ဥရောပထိပ်သီးများဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အက်သလက်တီကို၊ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါးစ်၊ လီဗာပူး၊ ယူနိုက်တက်၊ မန်စီးတီး၊ အင်တာမီလန်၊ အေစီမီလန်တို့ ပါဝင်ခဲ့ကြပါတယ်။
ဒါပေမယ့် ပရိသတ်များရဲ့ ဆန့်ကျင်ဆန္ဒပြမှုများနှင့် ကြုံရပြီးနောက် ပရီးမီးယားလိဂ်ကလပ်များ အသီးသီး နုတ်ထွက်သွားခဲ့ကြပါတယ်။
ယင်းနောက်ပိုင်းတွင် အခြားကလပ်များလည်း နုတ်ထွက်လာခဲ့ကာ နောက်ဆုံး ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်နှစ်သင်းတည်းသာ ကျန်ခဲ့ပါတယ်။
ယခုနောက်ဆုံး ဘာစီလိုနာလည်း နုတ်ထွက်လာမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်တစ်သင်းတည်းသော ကျန်ပါတော့တယ်။
ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာကြုံတွေ့နေရမှုနှင့်အတူ ဥရောပစူပါလိဂ်ကို အားပေးသဘောကျပေမယ့်လည်း ယင်းစီမံကိန်းအား ထောက်ခံအားပေးမှု နည်းပါးမှုနှင့်အတူ ယူအီးအက်ဖ်အေနှင့် ဆက်လက်လက်တွဲရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ရီးရဲလ်မက်ဒရစ်ကတော့ ဥရောပစူပါလိဂ်အစီအစဉ်ကို ဆက်လက် ထောက်ခံနေဆဲ ဖြစ်ပြီး ပြိုင်ပွဲအစီအစဉ် ပျက်စီးအောင် လုပ်ခဲ့တဲ့ ယူအီးအက်ဖ်အေအား တရားစွဲဆိုမှု ပြုလုပ်ထားပါတယ်။
ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်နှင့် စင်ပြိုင်ဖြစ်လာမယ့် ဥရောပစူပါလိဂ်အစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် ပါဝင်တဲ့ကလပ်များအား အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။
တဖက်တွင် အီးယူတရားရုံးကလည်း ဥရောပရဲ့ လွတ်လပ်စွာဈေးကွက်ယှဉ်ပြိုင်ခွင့်စည်းမျဉ်းအရ ဥရောပစူပါလိဂ်အစီအစဉ်အား အနိုင်ပေးရေး အခြေအနေကောင်းနေပါတယ်။
တကယ်လို့ အီးယူတရားရုံးကသာ ဥရောပစူပါလိဂ်ကို အမှုအနိုင်ပေးလာပါက ရီးရဲလ်မက်ဒရစ်မှာ နစ်နာကြေး ရရှိလာပါမယ်။