အိုးထရက်ဖို့ဒ်ကွင်းထက် နှစ်ဆကြီးမားတဲ့ ကမ္ဘာ့အကြီးဆုံးကွင်းဖြစ်လာမယ့် အရှေ့တောင်အာရှနိုင်ငံကွင်းကြီးဒီဇိုင်း ထွက်ပေါ်လာ
===================
ဗီယက်နမ်ဟာ အိုးထရက်ဖို့ဒ်၊ ဝင်ဘာလေကွင်းတို့ထက် ကြီးမားတဲ့ ကမ္ဘာ့အကြီးမားဆုံးကွင်းတည်ဆောက်ရေးစီမံကိန်းအား ကြေညာလာပါတယ်။
ဗီယက်နမ်ဟာ ပေါင် ၂၈ ဘီလီယံ အကုန်အကျခံ တည်ဆောက်လာမယ့် အိုလံပစ်အားကစားမြို့တော်စီမံကိန်းအစိတ်အပိုင်းတစ်ရပ်အဖြစ် ပရိသတ် ၁၃၅၀၀၀ ဆန့်ကွင်းကြီး တည်ဆောက်လာမှာလည်း ဖြစ်ပါတယ်။
Trong Dong Stadium ကွင်းတည်ဆောက်ရေး စီမံကိန်းမှာ ဒီဇင်ဘာလတုန်းက ခွင့်ပြုချက် ရရှိခဲ့တာ ဖြစ်ပြီး အားကစားပွဲတော်များ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမှုရေးပွဲကြီးများလည်း လက်ခံကျင်းပရန် ရည်ရွယ်တည်ဆောက်လာမှာလည်း ဖြစ်ပါတယ်။
ဗီယက်နမ်ဟာ Trong Dong Stadium ကို နိုင်ငံတကာအဆင့်မီတည်ဆောက်လာမှာ ဖြစ်ပြီး ကွင်းဒီဇိုင်းအား ဗီယက်နမ်ရိုးရာဗုံ Dong Son ကို အခြေခံပြီး အမျိုးသားရေးစိတ်ဓာတ်၊ သန်မာမှုနှင့် သမိုင်းရှည်ကြာမှုတို့အား ဖော်ကျူးဒီဇိုင်းဖော်ထားပါတယ်။
ဗီသုကာပညာရှင်များက ကွင်းဒီဇိုင်းအား နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကြွယ်ဝမှုအား ခေတ်မီတဲ့ အဆောက်အဦဒီဇိုင်းဖြင့် ပေါင်းစပ်ကာ ဖန်တီးထားခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
Trong Dong Stadium ကွင်းမှာ ကမ္ဘာ့ဘောလုံးလောကတွင် နာမည်ကြီးတဲ့ ဝင်ဘာလေကွင်း၊ ဘေဂျင်းမှ ငှက်သိုက်ကွင်း၊ ကာတာရဲ့ လူဆဲလ်ကွင်းတို့ကဲ့သို့ ကမ္ဘာကျော် အားကစားကွင်း ဖြစ်လာပါမယ်။
ဒါ့အပြင် Trong Dong Stadium ကွင်းမှာ မြောက်ကိုရီးယားရဲ့ ပရိသတ် ၁၁၄၀၀၀ ဆန့် Rungrado 1st of May Stadium ကွင်းအား ကျော်ဖြတ်ကာ ကမ္ဘာ့အကြီးမားဆုံးကွင်းနေရာကို ရယူလာပါမယ်။
မော်ရိုကိုမှာလည်း ၂၀၃၀ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပရိသတ် ၁၁၅၀၀၀ ဆန့် Hassan II Stadium ကို တည်ဆောက်နေပါတယ်။
ဗီယက်နမ်ဟာ ဟန်နွိုင်းတွင် တည်ဆောက်လာမယ့် Olympics Sports City စီမံကိန်းကြောင့် အနာဂတ်တွင် နိုင်ငံတကာအားကစားပွဲတော်ကြီးများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး အခွင့်အရေးကောင်းများ ပိုင်ဆိုင်လာမယ်လို့လည်း ယုံကြည်နေပါတယ်။
Olympics Sports City တွင် ဇုန် ၄ ခု ပါဝင်ပြီး ယင်းများအကြား သွားလာရေး အဆင်ပြေစေမယ့် စနစ်များလည်း ပါဝင်ပါတယ်။
ယင်းစီမံကိန်းကို ၂၀၃၅ ခုနှစ်တွင် အပြီးသတ်နိုင်ရေး ရည်မှန်းထားပါတယ်။